
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပြီး ကုန်စည်၊ ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ထွက်ရှိပြီးချိန်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ဆုံးဖြတ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ် ဖြစ်သည့် (၁) အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊(၂) ဆက်သွယ်ရေး (အင်တာနက်)ဝန်ဆောင်မှု ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း၊ (၃)သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ လည်းကောင်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ၂၁-၈-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်ရှိ HORIZON TELECOM International Co.,Ltd၊ FRONTIIR Co.,Ltd နှင့် Face 24 Co.,Ltd တို့အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ဖြူသဲနွယ် ဦးဆောင်သော စစ်ဆေးအရာရှိများနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် နည်းပညာခေတ်တွင်အင်တာနက်သည်ပညာရေး၊စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက်အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် "အရည်အသွေး ပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှု ဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်" ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာ(၃)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာ များသို့ ညွှန်ကြားထားသည့်အချက်(၁၁)ချက်ကိုအခြေခံ၍စားသုံးသူများသို့ဆက်သွယ်ရေး(အင်တာနက်) ဝန်ဆောင် မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေး ရန်နှင့် သတင်းအချက်အလက် ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါသည်။
DOCA(မန္တလေး)