
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်နှင့် တရုတ်နံနံပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက်နှင့် တရုတ်နံနံများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့်တရုတ်နံနံများကို အစည်းလေးများစည်း၍ ရောင်းချရာ(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်နှင့် တရုတ်နံနံ (၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စည်းလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တရုတ်နံနံကို အိမ်ရှင်မများဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြကြောင်း၊ ပူစီနံနံရွက်များ ကိုဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှဝယ်ယူသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)