
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီဈေး ဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ဒေသတွင်း ကျေးရွာများမှ ဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ (၃)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီ ဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၉၀၀)၊ အလတ်ဈေး ကျပ်(၈၅၀)၊ အနိမ့်ဈေး ကျပ်(၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩဂုတ်လ (ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တောင်သူများမှ ကြက်သွန်နီ ဈေးကျဆင်းသော်လည်း ရာသီကုန်ချိန်နီးလာပြီဖြစ်၍ ရောင်းချမှုများလာကြောင်း၊ မြို့ပေါ်ရှိပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီးရောင်းချသောဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့် ဈေး(ရှယ်) ကျပ်(၁၇၀၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ် (၁၆၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၃၀၀) ဈေး အသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေး အတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ် (၁၈၀၀- ၁၅၀၀- ၁၂၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဩဂုတ်လ (တတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ တန်ချိန်အားဖြင့်(၃၂၇)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)