
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၁-၈-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့မစျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)