ပုသိမ်မြို့နယ်တွင် ငွေနှင်းမှိုစိုက်ပျိုးရေး ဖွံ့ဖြိုးလာ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၏ ကျေးလက်ဒေသများတွင် ငွေနှင်းမှိုစိုက်ပျိုးရေး လုပ်ငန်း နှစ်စဉ်တိုးတက်လာကာ တောင်သူများအတွက် အရေးပါသော ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာသည်။ လက်ရှိဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်အထိ ရရှိပြီး တောင်သူများသည် တစ်ရက်လျှင် ၅ မှ ၁၀ ပိဿာအထိ ထုတ်လုပ်နိုင်ကာ တစ်နှစ်လျှင် ၂ ကြိမ် စိုက်ပျိုးလေ့ရှိသည်။

    စိုက်ပျိုးနည်းစနစ်တွင် လွှစာ၊ ထုံးကြမ်း၊ ဖွဲနု၊ ဆားခါးနှင့် glucose တို့ကို ရောစပ်အသုံးပြုပြီး ၇×၁၂ လက်မ ပလပ်စတစ်အိတ်များတွင် ထည့်သွင်းကာ ရေတိုင်ကီဖြင့် ၄ နာရီပေါင်းခံရသည်။ ထို့နောက် ၈ မှ ၄၈ နာရီအတွင်း အအေးခံပြီး ၂၅-၃၀ ရက်တွင် အပွင့်စတင်ပွင့်လာသည်။ အပွင့်များ ကောင်းစွာရရှိရန် တစ်ရက် ၂ ကြိမ် ရေလောင်းပေးရသည်။

          ဒေသခံတစ်ဦးက " ပျိုးပင်တစ်ပုလင်း (၉၀၀ ကျပ်) မှ မှိုထုပ် ၂၂-၂၅ ထုပ် ထုတ်လုပ်နိုင်ပြီး ထိုင်း-မြန်မာနယ်စပ်မှ ပျိုးပင်များမှာယူကာ ဈေးများနှင့်အိမ်တွင် အဓိက ရောင်းချပါသည်" ဟု ပြောကြားသည်။

          သို့ရာတွင် ၎င်းလုပ်ငန်းသည် ရောဂါပိုးဝင်မှုများ စီမံခန့်ခွဲရန် လိုအပ်ခြင်း၊ ဈေးကွက် တည်ငြိမ်မှု မရှိခြင်းနှင့် နည်းပညာနှင့် ငွေကြေးပံ့ပိုးမှု လိုအပ်ခြင်းစသော အခက်အခဲများ ရှိနေသေးသည့်အတွက် ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ငန်းကို အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက နည်းပညာများ ပံ့ပိုးကူညီသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ဧရာဝတီ)