
ညောင်ဦးမြို့နယ်သည် ဧရာဝတီမြစ်၏ အနောက်ဘက်တွင် တည်ရှိပြီး ကျေးရွာများအတွင်း၌ ဥယျာဉ်ခြံမြေလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကြရာ မိုးစပါးသီးနှံကိုလည်း စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးစပါးသီးနှံကို ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ တို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်း ထွက်ပေါ်မည်ဖြစ် ကြောင်း သိရှိရ သည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မြစ်ရေတင်စနစ်ဖြင့် မိုးစပါး (၂၄၇) ဧကစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုး စပါးမျိုးများကိုစိုက်ပျိုးထားကြောင်း၊ ပျိုးထောင်ရက် (၂၁) ရက်အကြာ တွင် စိုက်ပျိုးမည့်လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်နှစ် တစ်ဧကအထွက်နှုန်းအနေဖြင့် (၉၆.၁၅)တင်းနှုန်းထွက်ရှိကြောင်း၊ ထွက်ပေါ် ချိန်စပါးတစ်တင်းလျှင် ဒေသပေါက်ဈေး (၁၈၀၀၀-၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်မရှိကြောင်း၊ ထွက်ရှိသောစပါးများကို ဒေသတွင်း စက်များ၌ကြိတ်ခွဲပြီး ထွက်ရှိသော ဆန်များကို ဒေသတွင်းဝမ်းစာနှင့် တိရိစ္ဆာန်အစာ အဖြစ်အသုံးပြုကြကြောင်း သိရှိရသည်။
DOCA(မန္တလေး)