ဈေးကျလာသောဟင်းခတ်အမွှေးအကြိုင်နံနံရွက်၏ဈေးနှုန်းဈေးကွက်

Powered by Drupal

     စားဖိုဆောင်အုပ်စုဝင် နံနံပင်သည် မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခက်အမွှေးအကြိုင် ဖြစ်ပြီး နံနံစေ့ကိုလည်း ဟင်းခက်မဆလာပြုလုပ်ရာတွင် အသုံးပြုကြကြောင်း၊ နံနံပင်သည် အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် ဆောင်းရာသီတွင် အပင်ဖြစ်ထွန်းမှု အားကောင်းပြီး ဈေးကွက်တွင်လည်း ပေါများစွာ ဝယ်ယူစားသုံးရကြောင်း၊ မြင်းခြံမြို့နယ်၊ ဓားကျွန်း ကျေးရွာတွင် မိုးဦးကာလ မေလလယ်မှစ၍ နံနံပင်များကို ဝင်‌ငွေရရှိရန်စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားကြောင်း သိရှိရသည်။ နံနံကိုစိုက်ပျိုးရာတွင် ဘောင်များ ပြုလုပ်၍ စိုက်ပျိုးကြောင်း၊ ရေမဝပ် သောနုံးမြေသည် နံနံစိုက်ပျိုးရန် အကောင်းဆုံးမြေမျိုးဖြစ်ကြောင်း၊ ရွှံစေးဆန်သော မြေနှင့် သဲမြေများ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကိုထည့်၍ သင့်တော်သော မြေအနေအထားရ အောင်ပြုပြင်၍ ဘောင်များကို (၄-၅)လက်မ အမြင့်ပြုလုပ်၍ (၂-၃)ပေ အကျယ်ဖြင့် အရှည်ကို လိုသ‌လောက်ထားကာ စိုက်ပျိုး ကြကြောင်း၊ အစေ့ကိုရေမစိမ်မီ အိတ်‌ပေါ်တင်ပြီး ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာယာလှိမ့်ပါ၊ ထို့နောက်နှစ်ခြမ်းကွဲ မျိုးစေ့များကို မြန်မြန်အပင် ပေါက်စေရန် ရေတွင် (၂၄) နာရီ ကြာစိမ်ရကြောင်း၊ မျိုးစေ့(၂၄)နာရီ ရေစိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးရကြောင်း၊ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပြီး စိုက်ပျိုးရန်‌ဘောင်ပေါ်တွင်(၀.၅) လက်မအနက် မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့များကို မြေတွင်တိုက်ရိုက်ချ စိုက်ပျိုးကြောင်း၊ နံနံများကိုစိုက်ပျိုးပြီး (၃၀-၄၅) ရက်အကြာတွင် ခူးဆွတ် နိုင်ကြောင်း၊ အပင်လိုက်ခူးဆွတ် မည်ဆိုပါက စိုက်ပြီး (၄၂-၅၆) ရက် သားမှစတင် နုတ်ယူ ပြီး ဈေးကွက်တွင် ရောင်းချခြင်းများ ပြုလုပ်ကြောင်း၊ ယခုဩဂုတ်လနောက်ဆုံးပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော နံနံပင် (၁၀) ကျပ်သားလျှင် (၈၀၀) ကျပ်၊ တစ်ပိဿာလျှင်(၈၀၀၀) ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ ယခင်ဇူလိုင်နောက်ဆုံးပတ်တွင် နံနံပင်ရွက် ၁၀ ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင်    ( ၁၀၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခု နံနံရွက်ပင် ၁၀ ကျပ်သားလျှင် (၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ဈေးများကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလဖြစ်သောကြောင့် နံနံပင်များ ပေါများစွာထွက်ပေါ်သောကြောင့် ဈေးနှုန်းကျဆင်း ခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း စားသုံးရန်နှင့် တောင်သာမြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ဈေးကွက်တွင်အရောင်းအဝယ် သွက်လျက်ရှိကြောင်း နံနံပင် ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)