“ကန်စွန်ဥစိုက်ပျိုးခြင်းဖြင့်တောင်သူများဈေးကောင်းရလျက်ရှိ”

Powered by Drupal

         ကန်စွန်းဥကိုပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ပူတင်း၊ အုံးနို့သာကူတို့တွင်ထည့်၍ သရေစာအဖြစ်ပြုလုပ်စားသုံးကြပါသည်။ ကန်စွန်းဥသည် သဲနုန်းမြေနှင့်မြေပွများတွင် ကောင်းစွာဖြစ်ထွန်းပြီး မိုးဦးကျအချိန်တွင် စိုက်ပျိုးလေ့ရှိပါသည်။ ကန်စွန်းဥကိုစတင်စိုက်ပျိုးမည်ဆိုပါက ဘောင်စနစ်ဖြင့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမည့်ကန်စွန်းပင်များကို (၉)လက်မအရွယ်ဖြတ်ကာ မျိုးကိုင်းတစ်ကိုင်းနှင့်တစ်ကိုင်း တစ်လက်မစီခွာ၍ ခပ်စောင်းစောင်းကလေးထိုးစိုက်ရကြောင်း၊ (၁) ဧကအတွက် ကန်စွန်းပင်ဖြတ်ပိုင်း(၂၀၀၀၀)ခန့်စိုက်ပျိုးရကြောင်း၊ ကန်စွန်းဥများကို မိုးတွင်း မေလ၊ ဇွန်လများမှ စတင်၍စိုက်ပျိုးနိုင်ကြောင်း၊ ကန်စွန်းဥတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၂၀၀၀၀၀/)ကျပ်ခန့် ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး (၃)လကျော်ခန့်အကြာတွင် ကန်စွန်းဥများအား စတင်တူးဖော်နိုင်ပြီဖြစ်ကြောင်း၊ ကန်စွန်းဥများ တူးဖော်ရာတွင် ဥများရင့်‌သောအချိန်တွင် တူးဖော်ပါက အလေးချိန်တိုးကြောင်း၊ ကန်စွန်းဥ (၁)ဧကလျှင် ပျမ်းမျှ ပိဿာချိန် (၂၀၀၀ မှ ၂၅၀၀) အထိထွက်ရှိကြောင်း၊ ကန်စွန်းဥမျိုးများမှာ အဖြူ၊ အဝါ၊ ခရမ်းစသည်ဖြင့် အမျိုးအစားအလိုက် ဈေးနှုန်းများလည်း မတူညီကြကြောင်း၊ လက်ကားဈေးအနေဖြင့် ကန်စွန်းဥအဖြူတစ်ပိဿာလျှင်(၂၅၀၀/)ကျပ်၊ အဝါတစ်ပိဿာလျှင်(၃၅၀၀/) ကျပ်၊ ခရမ်းတစ်ပိဿာလျှင် (၅၀၀၀/)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ လက်လီဈေးအနေဖြင့်  ကန်စွန်းဥအဖြူတစ်ပိဿာလျှင်(၃၀၀၀/)ကျပ်၊ အဝါတစ်ပိဿာလျှင်(၄၀၀၀/)ကျပ်၊ ခရမ်းတစ်ပိဿာ လျှင်(၆၅၀၀/)ကျပ်ဖြင့် အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျက်ရှိကြောင်း၊  ကန်စွန်းဥ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀၀/)ကျပ်ခန့်ရရှိကြောင်း၊ စိုက်စရိတ်သက်သာပြီး အကျိုးအမြက်ရရှိသည့် ကန်စွန်းဥများအား တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)