
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော ဖရဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဖရဲစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၀)ရက်တွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဖရဲမျိုးစေ့တစ်ထုတ်လျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုးထုပ် (၁၀)ထုပ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ ပလပ်စတစ်လိပ်ဖိုးများအပါအဝင် စုစုပေါင်း (၄၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၂၅)ရက်၊ (၃၀) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ကျောက်စိမ်း ဖရဲ၊ ဒုံးကျည်ဖရဲနှင့် 855 ဖရဲမျိုးများ စိုက်ပျိုးကြကြောင်း၊ ဖေဖော်ဝါရီလတွင် စိုက်ပျိုးခဲ့သောကြောင့် ယခု မေလနှင့် ဇွန်လများတွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၆၀၀၀)ခန့် ထွက်ရှိကြောင်း၊ ယခင်က ခရိုင်အတွင်း သီးနှံအား စိုက်ပျိုးမှုများသော်လည်း ယခုအခါ စိုက်ပျိုးမှု အနည်းငယ်သာရှိပြီး ထွက်ရှိသောရွာမှာ ရှင်ငယ်ပြေးရွာဖြစ်ကြောင်း၊ ယခု လက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော ဖရဲသီးများမှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများ၊ ဝမ်းတွင်းမြို့နယ်၊ ဆည်ရွာမှထွက်ရှိသော ဖရဲများဖြစ်ပြီး ကျောက်စိမ်းဖရဲသီး တစ်လုံးလျှင် အလုံး သေး (၁၅၀၀/-)ကျပ်၊ အလုံးကြီး (၂၀၀၀/-) ကျပ်၊ 855 ဖရဲတစ်လုံးလျှင် အလုံးကြီး(၃၅၀၀/-) ၊ အလုံးသေး (၂၅၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူသူများလည်း ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)