“မြစ်သားမြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုး”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ဧကအနေဖြင့် (၅၁၁)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးနှောင်းဝါကို ဩဂုတ်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးလျက်ရှိပြီး ဝါစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းဘေးစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် အိန္ဒိယ ရာကာမျိုးများဖြစ်သော (၃၃၃)လုံး၊ (၆၆၆) လုံးနှင့် (၉၉၉)မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးအသုံး ပြုမှုအနေဖြင့် တစ်ဧကလျှင် ဝါမျိုးစေ့ (၁၂)ပိဿာမှ (၁၃)ပိဿာ အသုံးပြု စိုက်ပျိုးကြကြောင်း၊ ဝါမျိုးစေ့ တစ်ပိဿာလျှင် (၂၅၀၀/-)မှ (၃၀၀၀/-)ကျပ်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၄၅၀၀၀၀/- မှ ၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု အားကောင်းသောကြောင့် ဝါစိုက်ပျိုးမှုတွင် ဝါပင်များအောင်မြင်စွာ ပေါက်ရောက်ရှင်သန်နေပြီဖြစ်ကြောင်း၊ မိုးနှောင်း ချည်မျှင်ရှည်ဝါ အများဆုံး စိုက်ပျိုးသော ရွာများမှာ မြိုင်ကုန်းရွာ၊ ဒိုင်းရွာ၊ မြနဒီရွာနှင့် မှက္ခရာရွာများတွင် အများဆုံးစိုက်ပျိုး ကြကြောင်း၊ မိုးနှောင်းချည်မျှင်ရှည်ဝါများကို နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလများတွင် ထွက်ပေါ် မည်ဖြစ်ကြောင်း၊ ဝါထွက်ပေါ်ချိန်တွင်လည်း အထွက်နှုန်းအနေဖြင့် ပိဿာ(၄၀၀ မှ ၅၀၀) အထိ ထွက်ရှိနိုင်မှာဖြစ်ကြောင်း၊ ယခုလက်ရှိ ဝါရောင်းချမှု ဈေးနှုန်းအနေဖြင့် ဝါတစ်ပိဿာလျှင် (၃၂၀၀/- မှ ၃၃၀၀/-)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၇၅၀၀/- မှ ၈၀၀၀/-)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၂၀၀/- မှ ၁၃၀၀/-)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဝါထွက်ပေါ်ချိန်တွင်လည်း တောင်သူ များမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြောင်း၊ ပွဲစားများမှလည်း ဝါထွက်ရှိရာ ဒေသများ သို့ လာရောက်ဝယ်ယူ လျက်ရှိကြောင်း၊ ပွဲရုံများမှတစ်ဆင့် ဝါစက်ရုံ၊ ဝါပွဲရုံများနှင့် မန္တလေးစက်မှုဇုံ (၁)နှင့် ချည်မျှင်စက်ရုံများ၊ ယက်ကန်းစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ချည်မျှင်ချည်ဝါ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း၊ ယခုလက်ရှိ ဝါပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၂၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သောကြောင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၈၃၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြောင်း၊ ဝါအရည် အသွေးကောင်းမွန်ပြီး ဈေးကောင်းရရှိရန်အတွက် တောင်သူများမှ ဝါသီးနှံကို ရင့်မှည့်သော အချိန်၊ ဝါပေါက်အားကောင်းချိန်မှသာ ကောက်ယူရောင်းချမှသာ အရည်အသွေးပြည့်မီသော ဝါများရရှိမည် ဖြစ်ကြောင်း၊ တောင်သူများမှ ဝါများကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များ ရရှိနိုင်ပါက အကျိုးအမြတ်ပိုမိုခံစားရနိုင်မည်ဖြစ်ကြောင်းကို ဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက် အရ သိရှိရပါသည်။

DOCA(မန္တလေး)