“အိုးမုံညင်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

Powered by Drupal

          ကျောက်ဆည်မြို့နယ်တွင် ဒေသမရွေးစိုက်ပျိုးနိုင်သည့် အိုးမုံညင်းများကို စိုက်ပျိုးလျက်ရှိပါသည်။ အိုးမုံညင်းများကို အေးသောရာသီဥတုရှိသည့် ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး မုံညင်းပင် ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး ဝါတွင်းကာလများတွင် အသားရှောင် လိုသူများအတွက် အကြိုက်တွေ့စေသည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ မုံညင်းအမျိုးအစားများကို အရွက်၊ အရောင်၊ အကြီး၊ အသေး၊ အချော၊ အကြမ်းပေါ်မူတည်၍ အမျိုးအစားအမျိုးမျိုးကွဲပြားကြပြီး မေလမှ ဒီဇင်ဘာလထိ စိုက်ပျိုးနိုင်ကြောင်း၊ မစိုက်ပျိုးမီ (၃-၄)ပတ်အလိုတွင် မြေပြုပြင်ရန် လိုအပ်ကြောင်း၊ ရေဝပ်သော နေရာဖြစ်ပါက ဘောင်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုးစေ့ (၆-၇)ပေါင်ခန့် အသုံးပြုရကြောင်း၊ ပျိုးထောင်ပြီး (၅-၆) ရက်ကြာပြီးနောက် စိုက်ခင်း အတွင်းသို့ ပြောင်းရွှေ့၍ တစ်ပင်နှင့်တစ်ပင် တစ်ပေခြား စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးနေချိန်တွင် စိုက်ခင်းအတွင်း ရေအလုံအလောက်ရှိရန် လိုအပ်ကြောင်း၊ စတင်စိုက်ပျိုးပြီး ရက်ပေါင်း (၂၅-၃၀) ရက်အကြာတွင် မုံညင်းရွက်များကို စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀/- မှ ၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အိုးမုံညင်း (၅)ပင်ပါ တစ်စီးလျှင် (၂၅၀/-)ကျပ်ဖြင့်လည်းကောင်း၊ တစ်ပိဿာလျှင် (၂၃၀၀/-) ကျပ်ဖြင့်လည်းကောင်း စိုက်ခင်းအတွင်း လာရောက်ဝယ်ယူကြပြီး စားသုံးသူများ ဝယ်ယူရာတွင် အဆင်ပြေစေရန် အနေတော်အစီးလေးများစီး၍ ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချကြကြောင်း၊ တစ်ဧကလျှင် အိုးမုံညင်း (၈၀၀-၉၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၃၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ အိုးမုံညင်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့် အပြင် စီးပွားဖြစ်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)