နွားထိုးကြီးမြို့နယ်၏မိုးပဲတီစိမ်းစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်တင်ပို့မှု

Powered by Drupal

   မြင်းခြံခရိုင်အတွင်းတည်ရှိသော နွာထိုးကြီးမြို့နယ်သည် မိုးကောင်းသောက်ယာမြေများ၌ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီတို့စိုက်ပျိုး လျက်ရှိရာ မိုးပဲတီစိမ်း သီးနှံကိုလည်း တောင်သူများအနေဖြင့် အများဆုံးစိုက်ပျိုးကြောင်းသိရှိရသည်။ မိုးဦးပဲတီစိမ်း သီးနှံကို (မေလ-ဇွန်လ)  စိုက်ပျိုးထားရှိပြီး (ဩဂုတ်လ-စက်တင်ဘာလ) တို့တွင် ရိတ်သိမ်းမည် ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့် ကြာမြင့်ကြောင်း သိရှိရသည်။

     ၂၀၂၅-၂၀၂၆ ခုနှစ်တွင်  နွာထိုးကြီးမြို့နယ်၌ မိုးကြိုပဲတီစိမ်း စိုက်ဧက (၂၁၂) ဧကစိုက်ပျိုး ထားရှိကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စိုက်ပျိုးရန် ကျန်ရှိသော ဧကများအား ဆက်လက်စိုက်ပျိုးနေကြောင်း၊ တောင်သူများအနေဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်သော ရေဆင်း (၃) ကို စိုက်ပျိုးထားရှိပြီး ထွန်ကြောင်းခံ၍ တစ်ဧကမျိုး( ၆ -၇) ပြည်ကို ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ခြေတွင် တန်းကြား (၁၈) လက်မ၊ ပင်ကြား (၄) လက်မထား၍ စိုက်ပျိုးကြောင်း၊ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးချ ရကြောင်း၊ အပင်ခြေတွင် အစိုဓာတ်ကောင်းပြီး စိုက်ပျိုးချိန်မှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်း မွန်ကြောင်း သိရှိရသည်။ ယခင်နှစ်ထွက်နှုန်းမှာ (၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥ တုကောင်းပြီး အစိုဓာတ်ရှိသောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ပိုမိုထွက် ရှိနိုင်မည်ဟုခန့်မှန်းရ ကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ယခုဩဂုတ်လ ဒုတိယ ပတ်တွင် နွားထိုးကြီးမြို့နယ်၌ ပဲတီစိမ်းတစ်ပိဿာလျှင်( ၅၃၀၀) ကျပ်၊ တစ်တင်းလျှင် (၁၀၀၇၀၀)ကျပ် ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသောပဲတီစိမ်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသည်များကို မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန် ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)