မုဒုံမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနားကို (၁၁.၈.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက အ.လ.က (သင်္ဘောဦး) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

    ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/သူများက တေးသီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှသွားဆရာဝန် ဒေါက်တာလမင်းထက် က ကျောင်းအခြေပြု ကျန်းမာမှုအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း (အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး)၊ ကျောင်းအခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး၊ အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှစ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

    ထို့နောက် လက်ဆေးနည်းအဆင့်ဆင့်၊ နည်းစနစ်မှန် သွားတိုက်ခြင်း သရုပ်ပြခြင်း၊ အာဟာရအုပ်စု (၃) စုပါဝင်သော အစားအစာများအကြောင်းကို မေးခွန်းအမေး/ အဖြေများဖြင့် ကျန်းမာရေး ဝန်ထမ်းများက ပြုလုပ်ပေးခဲ့ပြီး ဆုရ ကျောင်းသား/သူ များအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေး၍ လိုအပ်သည့် ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ပြီး အာဟာရများကျွေးမွေးကြောင်း သိရသည်။

DOCA (မွန်)