“နေကြာရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျှက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း၌ နေကြာ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၂၆၀၈)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၃၁၀) ဧက၊ မြစ်သားမြို့နယ်တွင် (၇၀၁)ဧက၊ စုစုပေါင်း (၅၆၁၉)ဧက  စိုက်ပျိုးထားရှိကြောင်း  သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နေကြာစိုက်တောင်သူများသည် မျိုးအနေဖြင့် အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် ရေဆင်းစပ်မျိုး နေကြာ ၊ ဆင်းရွှေကြာ(၂)(၃)မျိုးများကိုသာ အဓိကထား အများဆုံးစိုက်ပျိုးကြကြောင်း၊ ၄င်းမျိုးများ စိုက်ပျိုးရာတွင် ထုတ်လုပ်မှုစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် (၃၅၀၀၀၀/-)ကျပ် ကုန်ကျကြောင်း ၊ နေကြာကို မတ်လ နှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် နေကြာများရိတ်သိမ်းလျှက်ရှိကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၁၅-၁၈)တင်းခန့် ထွက်ရှိကြောင်း ၊ ယခင်နှစ် နေကြာဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၄၀၀၀၀/-)ကျပ် ဈေးနှုန်း ရှိခဲ့ပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင်(၅၀၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ၊ ယခင်နှစ် နှင့်ယခုနှစ် စျေးနှုန်းများနှိုင်းယှဉ်ပါက နေကြာစျေးနှုန်းများမှာ မြင့်တက် လျှက်ကြောင်း ၊ တောင်သူ များအနေဖြင့် နေကြာဆီကြိတ်ပြီးရောင်းချလျှင် နေကြာတစ်တင်းလျှင် ဆီ(၃-၄)ပိဿာ ခန့်ထွက်ရှိကြောင်း ၊ နေကြာဆီစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၁၇၅၀၀/-) ကျပ်ရှိပြီး နေကြာဖတ်(၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း ၊ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည် ။ အကျိုးအမြတ်အနေဖြင့် (၅၅၀၀၀၀/-) ကျပ် ဝန်းကျင်မြတ်ကြောင်း ၊ တောင်သူများအနေဖြင့် ဆီထွက်နေကြာဖြစ်သော နေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံဖြစ်ပြီး နေကြာဆီစားသုံးခြင်းဖြင့်လည်း ကျန်းမာရေးအတွက် ကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိသောသီးနှံဖြစ်သော နေကြာကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

DOCA(မန္တလေး)