
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသည် မိမိနေအိမ်ခြံစည်းရိုး၌လည်းကောင်း၊ မိမိယာကွက်စည်းရိုးများ၌လည်းကောင်း စိုက်ပျိုးကြရာ မြေနေရာသီးသန့်မလိုကြောင်း၊ ကြောင်လျှာပွင့်နှင့် အသီးတို့ကို ဟင်းလျာအဖြစ်စားသုံး၍ရသည့်အပြင် အမြစ်နှင့်အခေါက်တို့ကိုလည်း ဆေးအတွက်အသုံးပြုကြကြောင်း၊ ကြောင်လျှာပင်စိုက်ပျိုးရာတွင် လုပ်အားခနှင့် သွင်းအားစုကုန်ကျစရိတ်နည်းပါးပြီး နှစ်ရှည်သီးပင်ဖြစ်သည့်အတွက် စိုက်ပျိုးသင့်သည့် အပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီးလက္ကား (၁)တောင့်လျှင်(၁၁၀၀)ကျပ်၊ ကြောင်လျှာသီးလက်လီ (၁)တောင့်လျှင်(၁၃၀၀)ကျပ်၊ အသေး(၁)တောင့်လျှင်(၅၀၀မှ ၇၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ကြောင်လျှာသီးကို ရေနွေးဖြင့်ခဏစိမ်ပြီး သုတ်၍စားစား၊ မီးဖြင့်ကင်ပြီး ချက်၍စားစား၊ ခါးသက်သက်အရသာအနည်းငယ်ရှိကာ ခံတွင်းမြိန်စေသည့် အသီးတစ်မျိုးဖြစ်သောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)