အညာက လက်ပံခေါင်း

Powered by Drupal

    လက်ပံပင်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသရဲ့ မြို့နယ်အများအပြားမှာ ရွာတိုင်းလိုလို ပေါက်ရောက်လျက်ရှိကြပါတယ်။ တပေါင်း၊တန်ခူး၊ကဆုန်လတွေမှာ ဖူးကြ၊ပွင့်ကြ လေ့ရှိပြီး ခွေးရူးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ရာသီမှာ ဖူးပွင့်ကြတဲ့အတွက် “လက်ပံပွင့်ချိန် ခွေးရူးချိန်” “လက်ပံလဲဖူး ခွေးလဲရူး” “လက်ပံလဲပွင့် ခွေးလဲလွင့်”လို့တောင် အဆိုအမျိုးမျိုးရှိကြ ပါတယ်။  အညာဒေသရဲ့ နွေဦးမှာ လေရူးတစ်ချက်ဝှေ့လိုက်တိုင်း ဝဲကာဝဲကာ ကြွေကျလာတဲ့ လက်ပံပွင့်နီနီလေးတွေကို မြင်ရတာဟာ အညာနွေရဲ့အလှကို လှစ်ဟပြနေဘိသကဲ့သို့ အညာ သရုပ်ကို ပီပြင်ပေါ်လွင်စေလှပါတယ်။ ပွင့်ချပ်လေးတွေက အနီရောင်ရဲရဲလေးနဲ့သော်လည်းကောင်း၊ လိမ္မော်ရောင်လေးတွေနဲ့သော်လည်းကောင်း ရှိနိုင်ပါတယ်။ အပွင့်ရဲ့အညှာ အညိုရောင်မာမာလေး မှာ ပွင့်ဆံလေးတွေနဲ့ ဝတ်ဆံတိုင်လေးတွေကလည်း လက်ပံပင်အောက် ရောက်တဲ့လူတိုင်း မကောက်ဘဲမနေနိုင်လောက်အောင် ချစ်စရာအသွင်သဏ္ဍာန်နဲ့ ဆွဲဆောင်နေပြန်ပါတယ်။ လက်ပံ ပွင့်ချိန်တွေမှာဆိုရင် လူကြီးလူငယ်အရွယ်စုံတို့ဟာ လက်ပံပင်အောက်ကို သွားပြီး လက်ပံပွင့် ကောက်ရတာဟာလဲ ကျေးလက်ရဲ့ပျော်ရွှင်ကြည်နူးဖွယ် ဓလေ့တစ်ခုအဖြစ် ယနေ့အချိန်ထိ တည်ရှိ နေဆဲပဲဖြစ်ပါတယ်။

    လက်ပံပွင့်ကို ရခိုင်သုပ်လေး သုပ်စားလည်း ကောင်းသလို ဆီချက်လေး မြေပဲလေးနိုင်နိုင်နဲ့ မြန်မာသုပ်လေး သုပ်စားတာကလည်း အတော်လေး စားကောင်းတာပါ။ လက်ပံပွင့်ရဲ့ ပွင့်ဖတ် တွေကိုခြွေပြီး အခြောက်လှန်းထားတဲ့ လက်ပံပွင့်ခြောက်ကို အညာဒေသရဲ့ ထူးထူးခြားခြား အခေါ် တစ်ခုကတော့ လက်ပံ‌ခေါင်းလို့ ခေါ်ကြတာပါပဲ။ အဲဒီလက်ပံခေါင်းကို နောက်ထပ်စားလို့ရတဲ့ နည်းကတော့ ချဉ်ရည်ချက်စားတာ၊ ပြုတ်ပြီး ငပိရည်လေးနဲ့ အတို့အမြှုပ်အဖြစ်တို့စားတာတို့ စားသောက်လို့ရပါသေးတယ်။ ဒီလိုအသုံးပြုစားသောက်လို့ရတဲ့ အညာဒေသရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့ လက်ပံခေါင်းကိုတော့ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြင်းခြံမြို့ရှိဈေးများသို့ လာရောက်ရောင်းချလေ့ရှိကြပြီး ဈေးနှုန်းအနေနဲ့ ၂၅ကျပ်သားလျှင် ၁၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကျေးလက်ပြည်သူများအတွက် အပို ဝင်ငွေရရှိနေကြောင်း တင်ပြလိုက်ပါတယ်။

DOCA (မန္တလေး)