
မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံမြေများ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသအတွင်းရှိ ကျေးရွာများဖြစ်သော အနိမ့်ရွာ၊ သာပေါင်း၊ ခေါင်းကွဲကျေးရွာများတွင် ပဲတောင့် ရှည်များကို စီးပွားဖြစ် တစ်နိုင်တပိုင်စိုက်ပျိုးထားကြောင်း သိရှိရသည်။ ပဲတောင့်ရှည်တွင် အပင်ပုမျိုး (နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်မျိုး)ဟူ၍ နှစ်မျိုးရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း၊ အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးရှိကြောင်း၊ ပဲတောင့်ရှည်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရကြောင်း၊ မြေကောင်းလျှင် အထွက်ပိုကောင်း ကြောင်း၊ စိုက်ပျိုးရာတွင် ရေမဝပ်သော မြေတွင် စိုက်ပျိုးပြီး ထွန်ရေးအသင့်အတင့်ဖြင့် စိုက်ပျိုး နိုင်ကြောင်း သိရှိရသည်။ မျိုးစေ့ချရာတွင် အစိုဓာတ်များလွန်းက ပုပ်သွားတတ်ကြောင်း၊ တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြား၍ တစ်ပင် နှင့်တစ်ပင် (၉-၁၀)လက်မ ခွာ၍စိုက်ပျိုးကြကြောင်း၊ အပင်များရှည်လာသောအခါ အနည်း ဆုံး (၇)ပေခန့်ရှည်သော ဝါးတိုင် (သို့မဟုတ်)သစ်သားတိုင်များကို အပင်၏ တိုင်ခြေတွင် ထောင်ပေး ရကြောင်း၊ အပင်ခြေတွင် ရေမဝပ်ရန် သတိပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၃၀) ရက်အကြာ အစေ့နုသော အချိန်တွင် ပဲတောင့်ရှည်များကို ခူးဆွတ်ရကြောင်း၊ တစ်ဧက လျှင် အထွက်နှုန်း (၉၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ မြေပြင်ခ၊ မျိုး၊ ဝါးဖိုး၊ လုပ်သားခ၊ သွင်းအားစု၊ စိုက်ပျိုး စရိတ်အပါအဝင် တစ်ဧကကုန်ကျစရိတ်(၁၈)သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ခင်းအရောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ကုန်သည်များကိုယ်တိုင် စိုက်ခင်းများသို့ လာ ရောက် ဝယ်ယူကြကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပြီး ကာလတိုအတွင်း စီးပွားဖြစ် တွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်း ပဲတောင့်ရှည်စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်နောက် ဆုံးပတ်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ပဲတောင့်ရှည် လက်လီ ၂၅ ကျပ် သားလျှင် (၁၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် အင်းစိန်မြို့ ဘိုကုန်း ဈေးသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။
Doca(မန္တလေး)