
၄.၇.၂၀၂၅ ရက်နေ့၊နေ့လယ် (၁၄:၀၀) အချိန်တွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာရှိ “Diamond Star” ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက ဆန်စက်လုပ်ငန်းရှင်အား စက်စွမ်းအားအခြေအနေ၊ တစ်နေ့စက်လည်ပတ်မှုအချိန်၊ တစ်နေ့ကြိတ်ခွဲမှုအခြေအနေ၊ စပါးဝယ်ယူမှုအခြေအနေ၊ ကုန်ချောဖြန့်ဖြူးမှုအခြေအနေ၊ ကြုံတွေ့ရသည့်အခက်အခဲ များကို ဆွေးနွေးမေးမြန်းရာ ဆန်စက်လုပ်ငန်းရှင်က ဆန်စက်မှာ ၂၄ နာရီ (၁၅) တန် ကျဆန်စက်ဖြစ်ကြောင်း၊ တစ်နေ့လျှင် စက်လည်ပတ်ချိန် (၁၀) နာရီလည်ပတ်ကြောင်း၊ တစ်နေ့ကြိတ်ခွဲမှု အခြေအနေမှာ စပါးတင်း (၂၀၀) ကြိတ်ခွဲကြောင်း၊ စပါးကို ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှ အဓိကထားဝယ်ယူကြောင်း၊ ဧည့်မထစပါး တင်း (၁၀၀) လျှင် ကျပ်(၁၅)သိန်း၊ ပေါ်ဆန်းမွှေး တင်း (၁၀၀) လျှင် ကျပ် (၂၈) သိန်းဖြင့် ဝယ်ယူရကြောင်း၊ ကုန်ချောဆန်များကို ချောင်းဆုံမြို့နယ်အတွင်းသာ ဖြန့်ဖြူး ရောင်းချ ကြောင်း၊ ဧည့်မထဆန် (၂၄) ပြည်တစ်အိတ်လျှင် ကျပ် (၆၀၀၀၀) ဝန်းကျင်ဖြင့် ရောင်းချကြောင်း၊ လုပ်သား ဦးရေ (၅) ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ အခက်အခဲအနေဖြင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် မီးစက်ဖြင့် လည်ပတ်ရသဖြင့် ကုန်ကျစရိတ်များပြားကြောင်း သိရှိရပါသည်။
DOCA (မွန်)