
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က.-၁) ၃.၇.၂၀၂၅ ရက်နေ့ နံနက် ၈နာရီခွဲက စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး တို့သည် ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချခြင်း မရှိစေရေး၊ ကျောင်းသား ကျောင်းသူများအား အရောင်ဆိုးဆေး ပါဝင်သော မုန့်များ စားသောက်ခြင်း မရှိစေရေး၊ တားမြစ်ကုန်စည်များ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချမှု မရှိစေရေးကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ ရောင်းချနေသော မုန့်များတွင် သက်ဆိုင်ရာထောက်ခံချက်ပါဝင်သောမုန့်များ၊ ကုန်အညွှန်းအမှတ်အသား ပါဝင်သော မုန့်များကို ရောင်းချရန် အတွက် ဈေးဆိုင်ပိုင်ရှင်တို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)