
မဟာမိတ်နိုင်ငံဖြစ်သည့် ဂျပန်အနေဖြင့် အမေရိကန်ဆန်ကို တင်သွင်းမှုမရှိသဖြင့် ကျေနပ် မှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားမှုနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံသည် အမေရိကန်နှင့် အကောက်ခွန်ဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရာ၌ ပြည်တွင်းလယ်ယာ ကဏ္ဍကို စတေးလိမ့်မည် မဟုတ်ဟု ဂျပန်နိုင်ငံ၏ အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုမှ စိုက်ပျိုးသည့်ဆန်ကို တင်သွင်းရန် ဂျပန်၏တွန့်ဆုတ်မှုသည် နိုင်ငံများမှ အမေရိကန်ပြည်ထောင်စုအပေါ် လေးစားမှု ပျက်ပြားနေသည့် လက္ခဏာကို ပြသလျက် ရှိကြောင်း၊ ၎င်းအနေဖြင့် ဂျပန်နိုင်ငံကို လေးစားမှုရှိကြောင်း၊ ၎င်းတို့၏ဆန်ကို ဝယ်ယူခြင်းမရှိပါက ဂျပန်နိုင်ငံသည် ဆန်ပြတ်လပ်မှုကို ကြီးမားစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်းဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့ကြောင်း သိရပါသည်။
ဂျပန်နိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် စပါးရိတ်သိမ်းထွက်ရှိမှု ကျဆင်း ခဲ့ပြီး ယမန်နှစ်၌ ဆန်ပြတ်လပ်မှုဖြစ်ပေါ်လျက် ဆန်ဈေးနှုန်း နှစ်ဆမြင့်တက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရ ပါသည်။ ထို့ကြောင့် ဈေးနှုန်းကျဆင်းစေရေး ကြိုးပမ်းမှုအဖြစ် အရေးပေါ် ရိက္ခာဆန် သိုလှောင် ထားရှိမှု၏ အားလုံးနီးပါးကို မတ်လကတည်းကပင် အစိုးရက ထုတ်ရောင်းပေးခဲ့ရပါသည်။
ပြည်တွင်းလယ်ယာကဏ္ဍအား စွန့်လွှတ်အနစ်နာခံရမည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ပြုလုပ်ရန် စဉ်းစားခြင်းမရှိဟု အစိုးရအဖွဲ့အတွင်းဝန်ချုပ် Yoshimasa Hayashi က သတင်းစာ ရှင်း လင်းပွဲတွင် ပြောကြားခဲ့ပြီး သမ္မတထရမ့်၏ လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြမှုအပေါ် တိုက်ရိုက် တုံ့ပြန်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။ ဂျပန်စိုက်ပျိုးရေးဝန်ကြီး Shinjiro Koizumi ကလည်း ၎င်းတို့ ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ရန် ဝန်ကြီးဌာနအသီးသီးနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သီးခြား သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အနိမ့်ဆုံးအဆင့် ဈေးကွက်ဝင်ရောက်ခွင့် (Minimum Access) သဘောတူညီချက်အရ ဂျပန်နိုင်ငံသည် ဆန်တန်ချိန် ၇၇၀၀၀၀ ကို အကောက်ခွန်လွတ် တင်သွင်း ခွင့် ခွဲတမ်းအဖြစ် သတ်မှတ်ထားပြီး ၎င်းပမာဏအနက် အဓိကစားသုံးကုန်အဖြစ် အထွေထွေသုံး အတွက် ဆန်တန်ချိန် ၁၀၀၀၀၀ ကိုသာ တင်သွင်းရန် ကန့်သတ်ထားသည်။ အဆိုပါ ပမာဏထက် ကျော်လွန်၍ တင်သွင်းသည့် ဆန်များအပေါ် တစ်ကီလိုဂရမ်လျှင် ၃၄၁ ယန်းနှုန်း (၂.၃၇ ဒေါ်လာ) ဖြင့် အခွန်စည်းကြပ်မည်ဖြစ်ကြောင်း သိရပါသည်။
ပြည်တွင်းဈေးနှုန်းများ ကျဆင်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မှုအဖြစ် ဂျပန် အစိုးရသည် စက်တင်ဘာလတွင် ပုံမှန်လေလံပွဲပြုလုပ်ရန် စောင့်ဆိုင်းမည့်အစား ယင်းကာလ ထက်စော၍ ယခုနှစ်အတွက် လျာထားသည့် ပထမအကြိမ် အကောက်ခွန်လွတ် ဆန်တန်ချိန် ၃၀၀၀၀ တင်သွင်းရန် ကြိုတင်တင်ဒါခေါ်ယူခဲ့သည်။
ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော အဆိုပါ တင်ဒါရလဒ်များအရ တင်သွင်းခွင့်ပြုမည့် ပမာဏထက် သုံးဆခန့်များပြားလျက် ဆန် ၈၁၈၅၃ တန် အတွက် လျှောက်ထားမှုရှိခဲ့ကြောင်း၊ ၎င်းဆန်တန်ချိန်အနက် အမေရိကန်မှ ၂၅၅၄၁ တန်၊ သြစတြေးလျမှ တန် ၁၅၀၀ နှင့် ထိုင်းနိုင်ငံမှ ၇၀၈ တန်တို့ ပါဝင်ကြောင်း သိရပါသည်။
Source: Asahi Shimbun, July 1, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)