တရုတ်ဈေးကွက်အတွင်း ထိုင်းဆန်အတုများရောင်းချမှုကိစ္စ ထိုင်းအာဏာပိုင်များ စစ်ဆေးနေ

Powered by Drupal

    ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်  ကမ္ဘောဒီးယားနိုင်ငံမှထွက်ရှိ သည့် ဆန်ထုတ်ကုန်များကို ထိုင်းနိုင်ငံတော်အလံပုံနှင့် ထိုင်းစပယ်ဆန် အသိအမှတ်ပြု အမှတ် တံဆိပ်တို့ ပါဝင်သည့် ထုပ်ပိုးမှုများဖြင့် တရုတ်ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ တင်ပြချက်များအပေါ် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

    ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် Sunanta Kangvalkulkij က အဆိုပါ သတင်းကို တရုတ်နိုင်ငံ၌နေထိုင်သည့် ထိုင်းနိုင်ငံသားများထံမှ ကြားသိခဲ့ရပြီး ၎င်းတို့သည် တရုတ် စူပါမားကတ်များတွင် အစိမ်းရောင်နောက်ခံပေါ်၌ စပါးနှံပုံ ဖော်ပြပါရှိသည့် ထိုင်းဟုမ်းမာလီဆန် ၏ တရားဝင်အသိအမှတ်ပြု အမှတ်သင်္ကေတနှင့် ဆင်တူသည့်တံဆိပ်များကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

     အဆိုပါတံဆိပ်ကို ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာနမှ  ထိုင်းဟုမ်းမာလီဆန် (ထိုင်းစပယ်ဆန်) မှန်ကန်ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် ထုတ်ပေးထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံရှိ ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးရုံးများသည် အဆိုပါဆန်များကို Taobao ၊ JD.com နှင့် Pinduoduo ကဲ့သို့ ဒီဂျစ်တယ်အရောင်းစင်္ကြန်များအပါအဝင် အွန်လိုင်းနှင့် မြေပြင်ရောင်းချမှု လမ်းကြောင်းများတွင် စုံစမ်းစစ်ဆေးခဲ့ကြသည်။ ဆန်ထုတ်ကုန်အချို့ကို ကမ္ဘောဒီးယား စပယ် ဆန်ဟု တရုတ်ဘာသာဖြင့် အညွှန်းရေးသားထားပြီး အချို့သော ဆန်ထုပ်ပိုးကုန် အမှတ်တံဆိပ် များသည် ထိုင်းဟုမ်းမာလီဆန်ဟူသော အသုံးအနှုန်းကို အသုံးပြုထားခြင်းဖြစ်သည်။

    ညွှန်ကြားရေးမှူးချုပ် Ms Sunanta က ထိုကဲ့သို့ ဖော်ပြချက်များသည် တရုတ်စားသုံးသူ များအကြား ဒွိဟဖြစ်စေပြီး ၎င်းတို့အနေဖြင့် ထိုင်းဟုမ်းမာလီဆန်အစစ်ကို ဝယ်ယူနေသည်ဟု အထင်မှားစေနိုင်ကြောင်း၊ အကျိုးဆက်အားဖြင့် ထိုင်းဆန်၏ ဂုဏ်သတင်းနှင့် တရုတ်ဈေးကွက်အတွင်း ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

     တရုတ်နိုင်ငံ၊ မြို့ကြီး ၇ မြို့ရှိ ထိုင်းအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးရုံးများသည် လွဲမှားသောဖော်ပြချက်များဖြင့် ဆန်တုပရောင်းချခြင်းကို တားဆီးရန်အတွက် ထိုင်းဟုမ်းမာလီ ဆန်တင်သွင်းသူများ၊ အွန်လိုင်းအရောင်းစင်္ကြန်များနှင့် တိုင်ပင်ခြင်း၊ တရုတ်စားသုံးသူများအကြား ထိုင်းဟုမ်းမာလီဆန်၏ အမှတ်တံဆိပ် အစစ်အမှန်နှင့်ပတ်သက်၍ အသိပညာပေးမှုမြှင့်တင်ခြင်း အပါအဝင် အစီအမံများစွာကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။

   အခြား စီမံဆောင်ရွက်မှုများအနေဖြင့် ထင်ယောင်ထင်မှားဖြစ်စေသော ကုန်ပစ္စည်းများကို တရုတ်ဈေးကွက်စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ (SAMR) နှင့်အတူ ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ပေကျင်းမြို့ရှိ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် မှားယွင်းသော ကြော်ငြာခြင်းနှင့် စားသုံးသူအခွင့်အရေး ချိုးဖောက်မှုများအတွက် တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်နိုင်သည် ဟု Ms Sunanta က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Bangkok Post, June 28, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)