စံသတ်မှတ်ချက်နှင့် မညီသော ဆန်များရောင်းချနေမှု အင်ဒိုနီးရှားအာဏာပိုင် စစ်ဆေးဖော်ထုတ်

Powered by Drupal

    အင်ဒိုနီးရှားပြည်တွင်း၌ ဆန်ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးနှင့် ဈေးနှုန်းများကို လိမ်လည်လှည့်ဖြားမှုရှိခဲ့သည့်အတွက် စားသုံးသူနစ်နာဆုံးရှုံးမှု အင်ဒိုနီးရှား ရူပီးယားငွေ ၉၉.၃၅ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်) ဖြစ်ပေါ်ခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက စစ်ဆေး‌ဖော်ထုတ်ခဲ့ကြောင်း သိရှိရပါသည်။

    စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က နိုင်ငံ၏လက်ရှိ ဆန်ထုတ်လုပ်မှုသည် ၅၇ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး သိုလှောင်မှုလက်ကျန်တန်ချိန် စုစုပေါင်း ၄.၁၅ သန်းအထိ ရှိ သော်လည်း သံသယဖြစ်ဖွယ်ရာများ ရှိနေကြောင်း၊ စစ်ဆေးရေးအရာရှိများသည် ခရိုင် ၁၀ ခုရှိ ဈေးများတွင် ရောင်းချနေသည့်ဆန်များ၏ နမူနာများကိုရယူလျက် အရည်အသွေး၊ အလေးချိန်နှင့် အစိုးရကသတ်မှတ်ထားသည့် အမြင့်ဆုံးရောင်းဈေးနှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပဲ ဖောက်ဖျက်ခြင်းများ ကြီးမားကျယ်ပြန့်စွာရှိနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။

   ထိုကဲ့သို့ စစ်ဆေးတွေ့ရှိရမှုအရ အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသား စားနပ်ရိက္ခာအေဂျင်စီ၊ စားသောက်ကုန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရှေ့နေချုပ်ရုံးနှင့် အမျိုးသားရဲတပ်ဖွဲ့ တို့နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

    နမူနာရယူ စစ်ဆေးခဲ့သော အဆင့်မြင့်ဆန် ၁၃၆ ခုအနက် ၈၅.၆ ရာခိုင်နှုန်းသည် သတ်မှတ် စံချိန်စံညွှန်းမပြည့်မီခြင်း၊ ၅၉.၈ ရာခိုင်နှုန်းသည် အမြင့်ဆုံး လက်လီရောင်းဈေးနှုန်း သတ်မှတ်ချက် ထက်ပိုမိုရောင်းချခြင်း၊ ၂၁.၇ ရာခိုင်နှုန်းသည် အလေးချိန်မပြည့်ခြင်း စသည်တို့ကို စစ်ဆေးတွေ့ ရှိရကြောင်း၊ အလယ်အလတ်တန်းစား ဆန်အမျိုးအစား နမူနာ ၇၆ ခုတွင် ၈၈.၂ ရာခိုင်နှုန်းသည် အရည်အသွေးကျဆင်းခြင်း၊ ၉၅.၁ ရာခိုင်နှုန်းသည် အမြင့်ဆုံး လက်လီရောင်းဈေးနှုန်းထက် ပိုမို ခြင်း၊ ၉.၄ ရာခိုင်နှုန်းသည် အလေးချိန်မပြည့်ခြင်း စသည်ကို တွေ့ရှိရကြောင်း၊ ဇွန်လ ၆ ရက်မှ ၂၃ ရက်နေ့အတွင်း ဂျာကာတာမြို့ရှိ Cipinang ကဲ့သို့သော ဆန်ရောင်းချသည့် ဈေးဆိုင်များအပါအဝင် နေရာပေါင်း ၂၆၈ ခုမှ  ဆန်နမူနာများကိုရယူလျက် ခရိုင် ၁၀ ခုရှိ ဓာတ်ခွဲခန်း ၁၃ ခုတွင်  စမ်းသပ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

    ဝန်ကြီး Sulaiman က စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေမှု ကို ရပ်တန့်ရန်၊ မိမိတို့ထုတ်ကုန်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားကို ပြန်လည် စိစစ်ရန်၊ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပဲ ထုပ်ပိုးရောင်းချနေမှုကို  ၁၄ ရက်အတွင်းအပြီး ပြန်လည်ပြင်ဆင်ရန်နှင့် လိုက်နာမှုမရှိကြောင်း တွေ့ရှိရပါက ပိုမိုတင်းကြပ်သည့်အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။

Source: Vietnam Plus, June 26, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)