“ဆူးပုတ်ပင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

            ကျောက်ဆည်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံပြီး ရေမြေသဘာဝကောင်းမွန်သည့် ခရိုင် တစ်ခုဖြစ်သည့်နှင့် အညီ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်ရာတွင် ဟင်းသီး ဟင်းရွက်များအနက်မှ ဆူးပုတ်ပင်များကိုလည်း အလေးထားစိုက်ပျိုး လာကြသည်ကို လည်းတွေ့ရှိရပါသည်။ ဆူးပုတ်ပင်(၂)မျိုးရှိကြောင်း၊ ပထမတစ်မျိုးမှာ ဆူးပုတ်ကလေးမျိုးဖြစ်ပြီး ဆူးပုတ်ကလေး မျိုးမှာဆူးပုတ်ကြီးမျိုးထက် အရွက်အရွယ်အစားရော အပင်အရွယ် အစားပါသေးငယ်ပြီး အရွက်အနံ့ မှာလည်း ဆူးပုတ်ကြီးအပင်လောက် အနံ့မပြင်းကြောင်း၊ ဆူးပုတ်ကလေးအပင်များကို ကျောက်ပန်းတောင်း၊ မကွေးကဲ့သို မြေလတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ထိုဒေသများ တွင်ဆူးပုတ်ကြီးထက်ဆူးပုတ်ကလေးကိုပို၍ အသုံးများ ကြပါသည်။ဒုတိယတစ်မျိုးမှာဆူးပုတ်ကြီးမျိုးဖြစ်ပြီး ဆူးပုတ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစားပိုကြီးပါသည် ။ အရွက်အနံ့မှာလည်း ဆူးပုတ်ကလေးထက်ပို၍ ပြင်းကြောင်း ၊ ဆူးပုတ်ကြီးကို ပဲကြီးဟင်းချိုချက်ရာတွင် အများဆုံး ထည့်ချက်ကြပါသည်။ ဆူးပုတ်ကြီးမျိုး (၃)မျိုးရှိပြီး ၄င်းတို့မှာ ဆူးကျဲ၊ဆူးလတ်၊ဆူးစိပ်မျိုးတို့ဖြစ်ပါသည်။ဆူးပုတ်ပင်သည် မြန်မာပြည် အနှံ့အပြားတောင်ပေါ်မြေပြန့် ရာသီဥတုမရွေးဖြစ်ထွန်းသော အပင်ဖြစ်ပါသည်။ အချို့ တောင်သူ များသည် ခြံစည်းရိုးများတွင် စည်းရိုးအကာအရံအဖြစ်အသုံးပြုပြီး စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်ကိုစိုက်ပြီး(၆)လခန့်တွင် ကိုင်းမကြီးမှထွက်လာသော အညွန့်များကို ခူးဆွတ်ရပါသည်။ ထို့နောက်အညွန့်ခူးခြင်းကို (၁)ရက်ခူးပြီး(၃)ရက်နားစနစ်ဖြင့် ခူးဆွတ်ပြီး ဆူးပုတ်ပင် အပင်သက်တမ်း(၂၅)နှစ်ခန့်ရှိလျှင် အပင်အိုပြီးအထွက်နည်းလာသောကြောင့် အပင် သစ်များလဲလှယ် စိုက်ပျိုးပေးရပါသည်။စိုက်ပြီးစအပင် စတင်ခူးချိန်တွင်(၁)ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃) ညွန့်ပါ အစည်းပေါင်း(၄၀၀-၅၀၀)ထွက်ရှိပြီး ဒုတိယအကြိမ်တွင် အစည်း(၁၀၀၀-၁၅၀၀)စည်း ထွက်ရှိပြီး တတိယနှစ်မှ နောက်ပိုင်းတွင် (၁)ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀-၈၀၀၀)ခန့် အထိ ထွက်ရှိနိုင်သောကြောင့် ယခု ဆူးပုတ်တစ်စည်းလျှင်(၅၀၀/-)ကျပ်ဈေးဖြင့် ရောင်းချရသောကြောင့် အကျိုးအမြတ်ရရှိသော ဆူးပုတ်ပင်စိုက်ပျိုးပြီး နေ့စဉ်ဝင်ငွေရရှိအောင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)