ပခုက္ကူဈေးကွက်၌ ပဲစဉ်းငုံသီးနှံဈေး ပြန်လည်မြင့်တက်အရောင်းအဝယ်ဖြစ်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံသီးနှံများ ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးအေးပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံသီးနှံကို ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည် များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း၊ ဇွန်လ(ဒုတိယပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ(၃၀)ဝင်အိတ် (၅၀၀-၇၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

     ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၃၀၀၀-၉၂၀၀၀)၊ မတ်လတွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၄၅၀၀-၉၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလတွင် တစ်တင်းလျှင် ကျပ်(၉၃၀၀၀-၉၂၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မေလတွင် တစ်တင်း လျှင် ကျပ်(၇၈၀၀၀-၇၅၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇွန်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့် ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပ အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)