အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အင်းကွင်း၌ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အင်းကွင်း၌ တောင်သူ(၃၀)ဦးမှ မိုးနှမ်းဧက(၄၀)ဧကခန့်အား ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)မှ စတင်၍ စိုက်ပျိုး ထားကြောင်း သိရသည်။

    အမှတ်(၆)ရပ်ကွက်နေ တောင်သူတစ်ဦးမှ ၎င်းအနေဖြင့် မိုးနှမ်း(၃)ဧကခွဲစိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် နှမ်းဖြူမျိုးကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး ရေနံချောင်း မြို့နယ်ရှိ မိုးနှမ်းစိုက်တောင်သူအချင်းချင်းထံမှ (၁)ပြည်လျှင် ကျပ်(၈၀၀၀)ဖြင့် ဝယ်ယူကာ (၁)ဧက လျှင် မျိုး(၇)ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၆၅)ရက်မှ(၇၀)အတွင်း ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ် အပါအဝင် (၁)ဧကလျှင် ကျပ်(၃၅၀၀၀၀)ခန့် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မူ သွင်းအားစုစရိတ် မြင့်တက်လာ၍ ကျပ်(၄၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က ရာသီဥတု သမမျှတမှုမရှိ၍  (၁)ဧကလျှင် (၇)တင်းခန့်သာထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ် (၁၁၀၀၀၀)ခန့်ရရှိခဲ့ရာ အကျိုးအမြတ်အနေဖြင့် ကျပ်(၄၂၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ယခင်နှစ်က အထွက်နှုန်း လျော့နည်းသော်လည်း နှမ်းဈေးကောင်းသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် အထက်မင်းလှမြို့နယ်အတွင်း မိုးရွာ သွန်းမှုများ၍ ရေဝပ်မှုများသည့်နေရာများတွင် နှမ်းစိုက်ခင်းတချို့ ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း သဲဆန်သည့် စိုက်ခင်းများတွင်မူ ရေဝပ်မှုမရှိ၍ နှမ်းပင်များ အသေအပျောက်နည်းသည့်အတွက် ယခုအချိန်တွင် နှမ်းပင်များ၌အပွင့်များဝင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ၎င်းအပြင် မိုးများခြင်းကြောင့် ပျက်စီးသွားသည့် နှမ်းစိုက်ခင်းများအား ဇွန်လ(ပထမပတ်)မှစတင်၍ မြေပြုပြင်ပြီး အသစ်ပြန်လည် စိုက်ပျိုးလျက်ရှိသည့်အပြင် ယခုအချိန်မှလည်း စတင်၍စိုက်ပျိုးသူများလည်းရှိကြောင်း သိရသည်။ အထက်မင်းလှမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွင်း မိုးနှမ်းဧက (၆)သောင်းခန့် စိုက်ပျိုးရန်လျာထားကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

DOCA(မကွေး)