
ခရမ်းချဉ်သီးကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော ညောင်ရွှေ၊ တောင်ကြီး မြို့နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် အဓိကစိုက်ပျိုးကြကြောင်းသိရှိရသည်။ အေးမြသော တောင်ပေါ်ဒေသများတွင် အောက်တိုဘာလမှ မတ်လအတွင်း စိုက်ပျိုးကြ၍ မြေပြန့်ဒေသများတွင် မိုးရာသီ (ဇွန်လ-ဇူလိုင်လ)နှင့် ဆောင်းရာသီ (အောက်တိုဘာလ-ဒီဇင်ဘာလ)တို့တွင် အဓိကစိုက်ပျိုးကြကြောင်းသိရှိရသည်။
မြင်းခြံမြို့နယ် အေးမြသီတာကုန်စိမ်းဈေးများတွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းမှာ ယခုဇွန်လဒုတိယပတ်တွင် လက်လီ (၂၅)ကျပ်သားလျှင် (၇၀၀-၁၀၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင်(၂၅၀၀-၃၅၀၀)ကျပ်ပေါက်ဈေးများရှိကြောင်း၊ ယခင်မေလဒုတိယပတ်တွင် လက်လီ ၂၅ ကျပ်သားလျှင်(၅၀၀-၈၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၅၀၀-၂၅၀၀) ကျပ် ပေါက်ဈေး များရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ခရမ်းချဉ်သီး လက်လီ ၂၅ ကျပ်သားလျှင် (၂၀၀) ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၀၀၀)ကျပ် ခန့် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းမှာ ဒေသထွက် ခရမ်းချဉ်သီးများ ရာသီချိန်ကုန်ဆုံးပြီး ထွက်ပေါ်မှုမရှိသောကြောင့် ဈေးနှုန်းများမြင့် တက်ခဲ့ ကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်အတွင်းကုန်စိမ်းပွဲရုံများတွင် ရောင်းချနေသော ခရမ်းချဉ် သီးများမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်းရောင်းချကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ခရမ်းချဉ်သီးသည် လူကြိုက်များသော ဟင်းသီး ဟင်းရွက် အသီးအနှံတစ်မျိုးဖြစ်ပြီး ဟင်းလျာများစွာတွင် အသုံးပြုကြကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)