
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများနှင့် ပတ်သတ်သည့် အသိပညာဗဟုသုတ များရရှိစေရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို လစဉ်ပြည်သူများအား အသိပညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ခရမ်းမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ကံဦးပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဇွန်လ(၁၃)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အသိပညာပေး ဟောပြောရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ရှိ စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်များ အကြောင်းအား ရှင်းလင်းခြင်း၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်များ ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ပြီး FDA ထောက်ခံချက်ရှိသော အစားအသောက်နှင့်ဆေးဝါး၊ အလှကုန်ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူကြရန်နှင့် စားသုံးသူများ နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားနိုင်သော Call Center No.1535 သို့ ဖုန်းခေါ်ဆိုနိုင်ကြောင်းများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)