
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အောင်မင်္ဂလာ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင်ရောင်းချသည့် စည်သွပ်အစားအစာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စည်သွပ်အစားအစာအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက် ဖြစ်စေဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)