ဇီဇဝါပင်စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

   ဇီဇဝါပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူရောင်အဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သော ပန်းဖြစ်သည်။ ဇီဇဝါပန်းသည် မေလကနေ ဩဂုတ်လအထိ ပန်းများဝေဝေ ဆာဆာပွင့်ကြသည်။

  ဇီဇဝါပန်းပင်သည် ပူအိုက်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ဇီဇဝါပန်း ပင်ကို မြန်မာနိုင်ငံ အပူပိုင်းဒေသတွေမှာ အများဆုံးစိုက်ပျိုးလေ့ရှိကြသည်။ ဇီဇဝါပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင်စိုက်ပျိုးကြသည်။ အမျိုးသမီးများသည် ဇီဇဝါပန်းပွင့်များကို ဦးခေါင်းတွင် အခက်လိုက်ပန်ဆင်ကြသည်။ ယခုအခါ ဇီဇဝါပန်းများကို ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရရှိလာသော ဇီဇဝါပန်းများကို မြို့မဈေးသို့လာရောက်ရောင်းချကြောင်း၊ ပန်းသည်၏ပြောပြချက်အရ ဇွန်လ ဒုတိယပတ်အတွင်း(၁)ပွင့်လျှင်(၂၀၀)ကျပ်၊ (၅)ပွင့်လျှင်(၁၀၀၀)ကျပ်၊ (၁၁)ပွင့်လျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဇီဇဝါပန်းများကို ဘုရားပန်းကပ်လှူရန်အတွက်လည်း ကောင်း၊ အမျိုးသမီးများအလှပန်ရန်အတွက်လည်းကောင်း၊ ဈေးဆိုင်များတွင် သဘာဝအလှပန်းအိုး ထိုးရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)