
ရေမုံညှင်းဆိုသည်မှာ ဆောင်းရာသီတွင် ထွက်ပေါ်တတ်သော မုံလာ၊ မုံညှင်းစိမ်း၊ မုံညှင်းဖြူ မျိုးနွယ်ပင်မျိုး မဟုတ်ပေ။ ယခုလို မိုးရာသီမှာသာ ထွက်ပေါ်တတ်သော အလေ့ကျ အများအပြားပေါက်ရောက်တတ်သောအပင်မျိုးဖြစ်၍ မိုးကုတ်ဒေသတွင် အများအပြား ပေါက်ရောက်ရှင်သန်ပါသည်။ အညာဒေသမှာ ကန်စွန်းရွက်ပေါက်ရောက်ရှင်သန်သည့် အတိုင်း မိုးကုတ်ဒေသတွင် မုံညှင်းများပေါများစွာ ပေါက်ရောက်ပါသည်။ မိုးကုတ်ဒေသတွင် အစား အစာများထဲတွင် ရေမုံညှင်းဟင်းလျာသည်လည်း ပါဝင်ပါသည်။ ရေမုံညှင်းရွက်သည် ကြွပ်ဆတ်ဆတ်ရှိပြီး အနံ့စူးစူးရှိပါသည်။ ရေမုံညှင်းတွင် သတ္တုဓာတ်ကြွယ်ဝသော အစိမ်းရောင် အပင်၊ အရသာမှာ ပူရှိန်းရှိန်းရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော အပင်မျိုးဖြစ်သည်။ ကင်ဆာကို ကာကွယ်နိုင်ခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ အရိုးကျန်းမာစေခြင်း၊ ဦးနှောက်ကို ကျန်းမာစေခြင်း၊ ကိုယ်ခံအားကို ကောင်းစေကြောင်း လေ့လာသိရှိရသည်။ ရေမုံညှင်းကို စဉ်းပြီး ရေပြောင်စင်အောင်ဆေးကာ ကြက်သွန်ဖြူ၊ဂျင်း ဆီသပ်၍ ခရမ်းချဉ်သီးတစ်လုံးလှီးထည့်ကာ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်ထည့်မွှေပြီး ရေမုံညှင်းထည့်၍ ကြော်လိုက်လျှင် ထမင်းမြိန်စေသော ရေမုံညှင်းကြော် ဟင်းလျာတစ်ခွက် ရမည်ဖြစ်ပါသည်။ ဝိတ်ချသူများ အတွက် အထူးကောင်းမွန်သော ရေမုံညှင်းရွက်ကြော်သည် မိုးကုတ်ဒေသအစားအစာတစ်ခု ဖြစ်ပြီး ရေမုံညှင်းတစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)