
တောင်ကြာပန်းဟုဆိုရာဝယ် တောင်ပေါ်ဒေသတွင် နေကြာပန်းများနှင့် တူသော တောင်ကြာပန်းများလည်းရှိပါသည်။ အောက်အရပ်ဒေသ နုနွင်းဖူး၊နုနွင်းပန်း ပွင့်များနှင့်တူသော တောင်ကြာပန်းကို နုနွင်းခါးပွင့်၊ တောက်တာပွင့် ဟူ၍လည်း ခေါ်ဆိုကြသည်။ အညာဒေသမှ မာလာဖူးဟုခေါ်ဆိုကြသည်။ အညာဒေသတောင်စောင်းများ၊လည်ကန်ဆင်းတွင်မိုးလေးမစို့မပို့ ရွာလိုက်တာနှင့်မာလာဖူးနုနုလေးများ ထွက်ပေါ်တက်ပြီး ၎င်းမာလာဖူးနုနုလေးများကို ပြုတ်၍ သုပ်စားကြသည်။ မာလာဖူးကို မီးကင်၍ ကြက်သွန်ဖြူ၊ငရုတ်သီးလေးနှင့် ထောင်းစားက ခံတွင်းမြိန်သည်ဟု ဆိုကြသည်။ သို့သော် တောင်ပေါ်ဒေသများဖြစ်သော မိုးကုတ်၊ ပြင်ဦးလွင်ဒေသများတွင် ယခုလိုမိုးရာသီတွင် တောင်ကြာပန်းများ ခူးယူရောင်းချသူများ ပေါများသလို တစ်နှစ်တစ်ခါသာပေါ်သော ပန်းမို့ အမြတ်တနိုး ဘုရားလှူကြ၍ ရောင်းပန်းဝယ်ပန်းလှသည်ဟု သိရှိရပါသည်။ မာလာဖူးအရသာမှာ ရှတတနှင့် ရနံ့မှာ မဆိုသလောက် မွှေးပါသည်။ မာလာဖူးက ဝမ်းမီးကို တောက်စေ၏။ အသက်ရှုစဉ် နံစော်ခြင်းကို ပျောက်စေ၏။ ကျန်းမာရေးအတွက် ဟင်းလျာအဖြစ် စားသုံးကြသလို ဘုရားပန်းလှူရန်အတွက် လည်းကောင်း၊ အလှပန်းအိုးထိုးရန်အတွက်လည်းကောင်း ဝယ်ယူများကြောင်း သိရှိရသည်။ တောင်ကြာပန်း(၁၀)ပင်တစ်စည်းလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ပြင်ဦးလွင်ဒေသရှိ တောင်ကြာပန်းခူးယူရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ရန်ကုန်)