
တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ဒေသထွက်နှင့် အခြားအရပ်ဒေသများမှ ရာသီပေါ် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါ အထက်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှ နဂါးမောက်သီးများ ရောင်းချလျက် ရှိပါသည်။
နဂါးမောက်ပင်သည် ပူနွေးသော ရာသီဥတုကို နှစ်သက်သော သီးနှံပင် ဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ (၂)မျိုးရှိသည်။ အလုံးရှည်၍ အခွံပေါ်က အဖတ် သည် ကျဲကျဲ ဖြစ်နေပါက အဖြူသီးဖြစ်ပြီး အလုံးဝိုင်း၍ အခွံပေါ်က အဖတ်သည် ခပ်စိပ်စိပ်ဖြစ်နေပါက အနီသီးဖြစ်သည်။ အရသာမှာ ချိုချဉ်၍ စားကောင်းသော အသီးတစ်မျိုးဖြစ်ပါသည်။ နဂါမောက်သီးကို သရေစာအဖြစ်လည်း ကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း မိမိတို့နှစ်သက်ရာ စားသုံးနိုင်ပါသည်။
နဂါးမောက်သီးအကြီး တစ်လုံးလျှင် ၄၀၀၀ ကျပ် မှ ၄၅၀၀ ကျပ်အထိ ရောင်းချပြီး အသေးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိရောင်းချလျက်ရှိရာ ဈေးနှုန်း သင့်တင့်ပြီး ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ရောင်းအားကောင်းကြောင်း ဈေးသည်များထံမှ သိရပါသည်။
DOCA(ပဲခူး)