စိန်ပန်းပွင့် လက်သုပ်သုပ်စားရအောင်

Powered by Drupal

            ယခုအခါ မိုးဦးကျရာသီသို့ရောက်ရှိလာပြီဖြစ်၍ သစ်ပင်ပန်းပင်များ၌ အပွင့်အခက်အလက်ဝေစီစွာ ပွင့်လန်းလျှက်ရှိပါသည်။ ထို့အထဲမှ ပန်းစိန်ပန်းပင်မှ စိန်ပန်းပွင့်များ ရဲရဲနီစွာ ပွင့်ဖူးလျှက်ရှိပါသည်။ ၎င်းစိန်ပန်းနီပွင့်များကို ခူးယူ၍ ဟင်းလျာအဖြစ် စားသုံးကြသည်။ မြန်မာနိုင်ငံ၌ ရှေးအခါမှစ၍ စိန်ပန်းပင်ကို စိုက်ပျိုးခဲ့ကြပါသည်။ အရွက်များမှာ မန်ကျည်းရွက်နှင့် ဆင်တူပါသည်။ အခေါက်မှာညို၍ အနည်းငယ်ကြမ်း ပါသည်။ မိုးဦးကျတွင် လှပသောပန်းပွင့်များပွင့်သည်။ ပန်းပွင့်များမှာ ကြီး၍ အနီရောင်အမျိုးမျိုးရှိကြသည်။ အပေါ်ပွင့်ချပ်၌ အနီနှင့် အဝါစင်းများများ ပါရှိကြသည်။ ပန်းပွင့်များကို အခြောက်လှမ်း၍ အသုပ်သုပ်စားလေ့ ရှိကြပါသည်။ စိန်ပန်းပင်သည် တစ်နှစ်ပတ်လုံး အမြဲတမ်းလိုပင် စိမ်းလန်းနေတတ်ပါသည်။ လှပသော ပန်းပွင့်များပွင့်သော ပန်းပင်တစ်မျိုး အဖြစ်ဖြင့် စိန်ပန်းပင်ကို စိုက်ကြသည်။ အပွင့်ကို ပြုတ်စားခြင်း၊ တို့စား၊ သုပ်စားခြင်းဖြင့် အိပ်ပျော်မှုကိုဖြစ်စေပါသည်။ စိန်ပန်းရွက်သည် သွေးတွင်းရှိအချို့ဓာတ်များကို ကျဆင်း စေ၍ သွေးကျရောဂါရှိသူတို့ စားရန်မသင့်ပေ။ စိန်ပန်းပွင့်ကို စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို အလျင်အမြန်လျော့ကျစေသဖြင့် သတိထားသင့်ပါသည်။ စိန်ပန်းပွင့်ကိုပြုတ်၍ ရေပြန်ဆေးပြီး ပါးပါးလှီးကာ နှစ်ပြန်ကြော်၊ ပုဇွန်ခြောက်ထောင်း၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ငံပြာရည်ကြော်၊ ပဲမှုန့်၊ ကြက်သွန်ဖြူ ဆီချက် ၊ သံပုရာသီးနှင့် ရော၍ သုပ်စားနိုင်ပါသည်။

DOCA(မန္တလေး)