မုဒုံမြို့၌ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့်ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူ လူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို (၂၁.၅.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ပင်လယ် ဆိပ်ကမ်းနားရှိ ဘလောက်ညောင်ဝိုင်းကျေးရွာ၌ ကျင်းပခဲ့သည်။

     ဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကား ပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မုန်တိုင်းသတိပေး အရေးပေါ် ထုတ်ပြန်ချက် (အညိုရောင်အဆင့်) သတင်းကို ကျေးရွာနေ ပြည်သူလူထုများ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် ကြေညာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်း ဇရပ် (ဘေးလွတ်ရာနေရာ)သို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း သူများကို ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ်ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံဆေးခန်းသို့ လူနာ တင်ယာဉ်ဖြင့် ကူညီပို့ဆောင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

     အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူစုစုပေါင်း ၁၂၀ ခန့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာများကို အသိပညာပေးပြောကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

DOCA (မွန်)