
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကို လည်းရာသီမရွေးစိုက်ပျိုးလာကြပါသည် ။ ခရမ်းသီး စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊နှစ်လခွဲ၊ သုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး ၄ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုလာကြောင်း၊(၁)ဧက အထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၄၀-၅၀)ခန့်ထွက်ရှိပြီး အထွက်နှုန်း အများဆုံးအချိန်တွင် ပိဿာ(၄၀၀-၅၀၀)ခန့်အထိ ထွက်ရှိကြောင်း ၊ ခရမ်းသီးပင် သက်တမ်းမှာ အနည်းဆုံး(၅)လကျော်အထိ ခူးဆွတ်နိုင်ကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၈၀၀၀၀၀)ကျပ်ခန့် ကုန်ကြကြောင်း ၊ ယခုအချိန်တွင် ပွဲစားစျေး ခရမ်းသီး တစ်ပိဿာလျှင်(၄၀၀) ကျပ်၊ လက်လီစျေးအနေဖြင့် (၅၀၀-၆၀၀)ကျပ်စျေးနှုန်းဖြင့် ရောင်းချရကြောင်း ၊ ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်စျေးနှုန်မတူညီကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း ၊ ပွဲစားများမှ မန္တလေး၊ နေပြည်တော် နှင့် ရန်ကုန် စျေးကွက်များသို့တင်ပို့ရောင်းချကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ခရမ်းသီးစျေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အကျိုးအမြတ် ဖြစ်ထွန်းကြောင်း၊ခရမ်းသီး စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။
DOCA(မန္တလေး)