
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဧပြီလ (၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီ အချိန်တွင် ခရမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသောဆိုင်များတွင် အိမ်ဆောက် ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ဦးအောင်ဘာလေ၊ စိန်ဘဲလေး၊ သရဖူ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ရောင်းချနေသော အိမ်ဆောက်ပစ္စည်းများတွင် ပစ္စည်းပြတ်လပ်နေသည်မှာ (၁၀)ရက်ခန့်ရှိပြီးဖြစ်ပြီး အခြား အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ ပုံမှန်ဈေး နှုန်းများဖြင့် ရောင်း၊ ဝယ်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက ဘိလပ်မြေသင်္ဘောများ ပြည်တွင်းသို့ စဉ်ဆက်မပြတ် ဝင်ရောက်လျှက်ရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိအောင် နိုင်ငံတော်မှ ဆောင်ရွက် လျှက်ရှိနေ၍ အိမ်ဆောက်ပစ္စည်းများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ပစ္စည်းများသိုလှောင်၍ ဈေးနှုန်း မြှင့်တင်ရောင်းချနေခြင်းများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)