
နွေရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် မန်ကျည်းရွက်နုများ စတင်ပေါ်ထွက်လာပြီး ရောင်းဝယ်ဖောက်ကားမှု စည်ကားလျက် ရှိသည်။ မန်ကျည်းပင်သည် နွေနေပူပြင်းချိန်တွင် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သည့် အပြင် အရွက်၊ အသီး၊ အခေါက်၊ အစေ့စသည်တို့ဖြင့် တစ်ပင်လုံးနီးပါး အသုံးဝင်သော အပင် တစ်မျိုးဖြစ်သည်။
ဧရာဝတီတိုင်းတွင် မန်ကျည်းရိပ်အောက်၌ထိုင်ကာ အကြမ်းရည်သောက်ခြင်း၊ ထန်းလျက် လေးနှင့် စကားစမြည်ပြောဆိုခြင်း စသည့် ကျေးလက်ဓလေ့များကို ခံစားကြရင်း နွေရာသီ၏ ပူပြင်းမှုကို အေးမြစွာ ဖြတ်သန်းလေ့ရှိကြသည်။ ထို့အပြင် မန်ကျည်းရွက်နုများကို ကြက်သွန် စိမ်း၊ ပုဇွန်ခြောက်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို၊ အငန် စသည့် အရသာမျိုးစုံဖြင့်သုပ်စားခြင်း၊ ချဉ်ရည် ဟင်းချက်ခြင်း စသည်ဖြင့် ရာသီစာအဖြစ် မကြာခဏစားသုံးလေ့ရှိကြသည်။
မန်ကျည်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ် စသည့် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သဖြင့် လူကြိုက်များလှသည်။ မန်ကျည်းရွက်နု (၅) ကျပ်သားလျှင် (၁,၀၀၀) ကျပ် (၁၀) ကျပ်သားလျှင် (၂,၀၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးသည်များထံမှ သိရှိရသည်။
DOCA(ဧရာဝတီ)