
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုး၊ တိုင်းရုံး သတင်းဌာနခွဲမှ ဦးမင်းမင်းဦး တို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ဘိုကလေးမြို့ (၁၀) ရပ်ကွက်ရှိ ဦးမြင့်သိန်းပိုင် “ပွင့်သစ်စ” မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ် လုပ်ငန်းသို့ သွားရောက်၍ အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ပါသည်။
“ပွင့်သစ်စ” မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ် လုပ်ငန်းမှာ ဆန်ကွဲနှင့် ငစိန်ဆန်တို့ကို အသုံးပြုပြီး ထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်၍ ကုန်ကြမ်းအိတ်ရေ ၈၀၀၀/၁၀၀၀၀ အိတ် သိုလှောင်ထားရှိပြီး တစ်နေ့လျှင် ဆန်ကွဲ အိတ်ရေ ၁၀၀ ခန့်ဖြင့် မုန့်ဟင်းခါး ၊ ခေါက်ဆွဲဖတ်များ ထုတ်လုပ်လျက်ရှိပါသည်။ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် မုန့်ပိဿာချိန် ၅၀၀၀ ထုတ်လုပ်လျှက်ရှိပြီး မုန့်တစ်ပိဿာ ဈေးနှုန်းမှာ လက်လီ/လက်ကား တစ်ပိဿာကျပ် ၂၀၀၀/ ၁၈၀၀ ဈေးဖြင့် ရောင်းချပြီး လုပ်သားဦးရေ ၄၈ ဦး ရှိပြီး လုပ်သားတစ်ဦးကို တစ်နေ့လျှင် လုပ်ခကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ အတွင်းပေးရပြီး ဈေးကွက်မှာ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်ကျွန်း၊ ကျိုက်ပိ၊ ကဒုံဧရာ၊ နောက်မီး ဒေသများအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လုပ်ငန်းရှင်ထံမှ သိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှလည်း ထုတ်လုပ်သော ကုန်ပစ္စည်းများ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကြာရှည်ခံ ဓာတုဆေးဝါးများ သုံးစွဲခြင်းမပြုစေရေးကို အလေးထားဆောင်ရွက်လိုက်လံစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တားမြစ်ချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)