
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော် ကို နှစ်စဥ်နှစ်တိုင်း ရိုးရာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၈.၂.၂၀၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အနယ်နယ်အရပ်ရပ်မှ ငါးဖမ်းပွဲတော်လာရောက်သူများဖြင့် စည်ကားလျက် ရှိကြောင်းသိရသည်။
အဆိုပါ ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကိုကျင်ပမည့်ရက်အား မီဒီယာများမှတစ်ဆင့်ကြေငြာ ထားပြီးဖြစ်ရာ ပွဲတော်မကျင်းပမီတစ်ရက်မှစတင်ကာ ငါးဖမ်းဝါသနာပါသူများက အဆိုပါ ငါးဖမ်းပွဲတော် ကျင်းပမည့်အင်းအတွင်းသို့ ကြိုတင်ရောက်ရှိနေကြောင်း ဒေသခံပြည် သူတစ်ဦးထံမှ သိရသည်။
ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို နှစ်စဥ်တပို့တွဲလဆန်းတစ်ရက်၌ စည်ကားစွာကျင်းပခဲ့ရာ ယခုနှစ်၌ မော်လမြိုင်၊ မုဒုံမြို့များနှင့် ရွာနီးချုပ်စပ်မှ ငါးဖမ်းဝါသနာရှင်များ၊ အပျော်တမ်း ငါးဖမ်းသူများက ရိုးရာမပျက် ပျော်ရွှင်စွာ ငါးဖမ်းကြပြီးဖမ်းယူရရှိသော ငါးများကို ပျော် ပျော်ပါးပါး စားသောက်ခြင်း၊ လက်ဆောင်ပေးခြင်းများ၊ အချင်းချင်းရင်းနှီးချစ်ခင်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် ကခုန်ပျော်ပါးကြခြင်းဖြင့် အထူးစည်ကားလျက်ရှိသည်။
အဆိုပါ အင်းအတွင်းမှငါးမျိုးစုံဖမ်းယူရရှိပြီး အဓိက ငါးပတ်၊ ငါးခူ၊ငါးရံစသည့် ငါးများရှိပြီး ဖမ်းရလည်းလွယ်ကူသဖြင့်ငါးဖမ်းဝါသနာရှင်များက နှစ်စဥ်လာရောက်လေ့ရှိကြပြီး မွန်ပြည်နယ် အတွင်း ထင်ရှားသောရိုးရာပွဲတော်တစ်ခုအနေဖြင့် အစဥ်အလာမပျက် ကျင်းပလေ့ရှိကြောင်း ရေပူကော့စပ်ရွာသားဖြစ်သူ ဦးစောမြထံမှသိရသည်။
DOCA(မွန်)