ဒါးကမြို့ဂုဏ်ဆောင် ဒေါ်စာမဝက်အူချောင်း

Powered by Drupal

ဒါးကရွာကလေးကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ထဲက ရွာကလေးတစ်ရွာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒါးကရွာကလေးဟာ မြို့ငယ်ကလေး အဖြစ် စည်ကားနေသောကြောင့် အများကတော့ ဒါးကမြို့လို့ ခေါ်တွင်နေပြီ ဖြစ်ပါတယ်။  လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကျော်လောက်က ဒါးကရွာတွင် နေထိုင်သော “ဒေါ်စာမ” ဆိုသည့် အမျိုးသမီးကြီး တစ်ဦးသည် ပုသိမ် နှင့် ဟင်္သာတ သို့ သွား သည့် ရထားတွဲပေါ်တွင် ကိုယ်တိုင်ပြုလုပ်ထားသည့် ဝက်အူချောင်းများ စတင်ရောင်းချ ခဲ့ရာ စားသုံးသူများက “ဒေါ်စာမ ဒေါ်စာမ လာပါဦး”ဟုခေါ်၍ ဝယ်ယူခဲ့ကြသဖြင့် ဒေါ်စာမ ဝက်အူချောင်းဟူ၍ အမည်တွင်ခဲ့ခြင်း ဖြစ်တယ်လို့လဲ သိရှိရပါ တယ်။

ဒေါ်စာမ လက်ထက်တွင် တစ်နိုင်တစ်ပိုင်တစ်နိုင် ရောင်းချလာခဲ့တဲ့ ဝက်အူချောင်းကို ဒေါ်စာမ၏သား ဦးတင်ဦး လက်ထက်တွင် ဒါးကရွာ၌ အလုပ်ရုံတစ်ခု ဖွင့်လှစ်ပြီး ရောင်းချနိုင် သည့်အထိ အောင်မြင်နေခဲ့ပါတယ်။ ယခုဆိုလျှင် ဒါးကရွာကလေးကို ဒေါ်စာမ ဝက်အူချောင်း ဖြင့် ယှဉ်တွဲပြီးမြင်လာကြပြီဖြစ်သလို ဧရာဝတီ တိုင်း အတွင်းသို့ လာရောက်လည်ပတ်ကြသူများ ကလည်း အိမ်ပြန်လက်ဆောင်အနေဖြင့် “ဒေါ်စာမဝက်အူချောင်း” များကို ဝယ်ယူလေ့ရှိကြပါ တယ်။ အခုဆိုရင် “ဒေါ်စာမဝက်အူချောင်း” ဟာ ဒါးကမြို့ငယ်လေးရဲ့ အမှတ်တံဆိပ်လို့ တောင် ဖြစ်နေပါပြီ။

ဒေါ်စာမဝက်အူချောင်း နာမည်ကျော်ကြားရခြင်း၏ လျှို့ဝှက်ချက်မှာ တာရှည်ခံ ယမ်းစိမ်း များ ထည့်သွင်း ထားခြင်း မရှိသည့်အတွက်  ဝက်အူချောင်းကို စားလိုက်သည့်အခါ ဝက်သားရဲ့ အရသာကို ပြည့်ပြည့်ဝဝခံစားရစေတဲ့အတွက် နာမည်ကျော်ကြားရခြင်း ဖြစ်တယ်လို့လည်း သိရှိ ရပါတယ်။ ဒေါ်စာမဝက်အူချောင်း ပြုလုပ်နည်းကတော့ ပထမဦးစွာ ဝက်သားများကို သန့်စင် ပြီး ဆလင်ဒါထဲထည့်၍ ချေပေးရပါသည်။ ဒုတိယအဆင့်အနေဖြင့် ရခါတဲ့ ချေပြီးသား ဝက်သား များကို ဝက်အူချောင်းအလုံးလေးတွေဖြစ်အောင် အစာသွပ်၍ အတွဲလိုက်လေးများ ဖြစ်အောင် ချည်နှောင်ရပါတယ်။ တတိယအဆင့်အနေဖြင့် အဆိုပါဝက်အူချောင်း အတွဲလိုက်များကို (၂၅) မိနစ်ခန့်ကင်ပြီးပါက အဆင်သင့်စားသုံးနိုင်သော ဝက်အူချောင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း သိရှိရပါတယ်။

ယခုဆိုလျှင် ဒါးကရွာကလေးတွင် အခြားသော ဝက်အူချောင်းထုတ်လုပ်သည့် တစ်ပိုင် တစ်နိုင် လုပ်ငန်းလုပ်ကိုင်သူ အများအပြားလည်း ရှိလာနေပြီဖြစ်ပါတယ်။ “ဒေါ်စာမ ဝက်အူ ချောင်း” ပင်ရင်းဆိုင်ကတော့  ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်က ဒါးကမြို့ ဈေးထိပ်တွင် ဖွင့်လှစ် ထားပြီး ပုသိမ်မြို့အတွင်း ဈေးကြီးများတွင်လည်း ဝယ်ယူရရှိနိုင်ကြောင်းသိရှိရပါတယ်။ ရန်ကုန် မှာ ဆိုရင်တော့ လှည်းတန်းဗဟိုလမ်းပေါ် နှင့် စမ်းချောင်းမြို့နယ် များတွင်လည်း ဝယ်ယူရရှိ နိုင် ကြောင်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)