
ကျောက်ဆည်ခရိုင်တွင် ငှက်ပျောများ စတင်စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် (၁၂၈၂)ဧက စိုက်ပျိုးထားရှိပြီး (၇၄၀)ဧက ရိတ်သိမ်းပြီးကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံကိုတစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း ငှက်ပျောအများဆုံး စိုက်ပျိုးသောရွာများမှာ သင်ပျိုရွာ၊ သာဂရရွာ နှင့် သံချက်ကုန်းရွာများတွင်အများဆုံးစိုက်ပျိုးကြပါသည်။ ငှက်ပျောစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု လုပ်သားခအပါအဝင် (၁၅)သိန်းကျပ်ခန့်ကုန်ကျ ကြောင်း ၊ စိုက်ပျိုးပြီး(၁၀)လအကြာတွင် စတင်၍ ခုတ်ယူရောင်းချနိုင်ကြောင်း ၊ ငှက်ပျော အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် အခိုင်(၈၀၀)အထိ ထွက်ရှိကြောင်း၊ ငှက်ပျော အခိုင်(၄၀)ပါ လှည်းတစ်စီးလျှင် ယခင်နှစ်တွင်(၂၈၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၄၀)ကျော်မြတ်ကြောင်း၊ ယခုနှစ် ငှက်ပျောပေါ်ချိန် တွင် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များဖြစ်ထွန်းနိုင်ကြောင်း၊ ယခုလက်ရှိ ငှက်ပျောသီး ဖီးကြမ်း(၁)ဖီး ပေါက်ဈေးမှာ လက်ရင်း(၃၀၀၀)ကျပ် ၊ လက်ဖျား(၂၀၀၀/၂၅၀၀)ကျပ် ဈေးများဖြင့် ရောင်းချရကြောင်း ၊ ငှက်ပျောသီးနှံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြသဖြင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းလျှက်ရှိကြောင်း ငှက်ပျောစိုက်ပျိူးသော တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)