“ ပြည်ထောင်စုနယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်နေသည့် မွေးမြူရေးကဏ္ဍ ”

Powered by Drupal

           ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊  ပေတောအနောက်ကွင်းရှိ “ပေတောဥစားကြက်မွေးမြူရေးခြံ”၊ သပြေကုန်းကျေးရွာအုပ်စု၊ အောင်မြေရိပ်သာအရှေ့ကွင်းရှိ “အောင်မြေရိပ်သာဝက်မွေးမြူရေးခြံ”နှင့် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ခေါမတောင်ကွင်းရှိ “ကျည်တောင်ဝက်မွေးမြူ‌ရေးခြံ”တို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သော Myanmar C.P Livestock Co.,Ltd ၊ နိုင်ငံတော်အစိုးရ၊ ပြည်တွင်းဘဏ်နှင့် ကျေးရွာတို့၏ လေးပွင့်ဆိုင်မွေးမြူ‌ရေးစီမံကိန်းဖြစ်ကြောင်း သိရှိရပါသည်။

          “ပေတောဥစားကြက်မွေးမြူရေးခြံ”သည် ၂၀၁၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ရာ ဥစားကြက်ကောင်ရေ(၇၅၀၀၀) မွေးမြူထားရှိပြီး တစ်ရက်လျှင် ကြက်ဥလုံး‌‌ရေ (၇၀၀၀၀) ခန့်ထွက်ရှိကြောင်း၊ ထွက်ရှိလာသောကြက်ဥများကို ဒေသတွင်းစားသုံးခြင်းအပြင် ရန်ကုန်မြို့သို့ တင်ပို့‌ရောင်းချလျက်ရှိပြီး ကြက်ခြံမှစွန့်ပစ်ပစ္စည်းတစ်ခုဖြစ်သည့် ကြက်ချေးများကို သဘာဝမြေဩဇာအဖြစ် ပတ်ဝန်းကျင်ရှိကျေးရွာများမှ စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးပြုကြကြောင်း သိရှိရပါသည်။

         “အောင်မြေရိပ်သာဝက်မွေးမြူရေးခြံ”သည် ၂၀၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသားတိုးဝက်ကောင်ရေ(၄၈၀၀)မွေးမြူထားကြောင်း၊ ဝက်တစ်ကောင် အလေးချိန်(၈၀)kg ‌ရောက်ရှိပါက စတင်ရောင်းချရပါကြောင်း၊ ဝက်တစ်ကောင်လျှင် (၄၅၀၀၀၀/ ၅၀၀၀၀၀)ကျပ်ခန့် ရရှိပါကြောင်း၊ အဆိုပါ ဝက်များကို ဒေသတွင်းစားသုံးခြင်းအပြင် မန္တလေး၊ လောက်ကိုင်၊ လားရှိုး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ အလားတူ ဝက်ခြံကို ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ “ ကျည်တောင်ဝက်မွေးမြူရေးခြံ ”တွင်လည်း အသားတိုးဝက်ကောင်ရေ(၄၈၀၀) မွေးမြူထားကြောင်း သိရှိရပါသည်။

         ယခုကဲ့သို့ မွေးမြူရေးစီမံကိန်းများ တည်ထောင်ထားခြင်းသည် ကျေးရွာနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျန်းမာ‌ရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်သော ကြက်ဥနှင့် အသားများ စားသုံးရသည့်အကျိုးကျေးဇူးများ ရရှိနေပါကြောင်း၊  ယင်းစီမံကိန်းကို နေပြည်တော်အတွင်း ကျေးရွာ(၆)ရွာတွင် ပြုလုပ်ရန်လျာထားထားသော်လည်း လက်ရှိကျေးရွာ(၃)ရွာသာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သဖြင့် ကျန်ကျေးရွာ(၃)ရွာအား ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုပါက ကျေးရွာနေပြည်သူများ၏ အကျိုးစီးပွားပိုမို ခံစားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း၏ လုပ်ငန်းစဉ်များသည် ကျေးလက်နေပြည်သူများအတွက် ရေရှည်တည်တံ့ခိုင်မြဲမှုစီမံကိန်းဖြစ်သဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ ကျေးရွာပေါင်း (၅၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားပါကြောင်း ၎င်းစီမံကိန်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)