ပေါက်မြို့နယ်ထွက် အာလူးများ ဈေးကောင်းရရှိ

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် တာဝန်ခံ  ဒု-ဦးစီးမှူး ဦးကျော်စိုးသည် (၁၄.၃.၂၀၂၂)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာရှိ ဆောင်းသီးနှံအာလူးစိုက် တောင်သူဦးကျော်ဆန်းညွန့်နှင့်တွေ့ဆုံ၍  အာလူးစိုက်ပျိုးထွက်ရှိမှု အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          ပေါက်မြို့နယ်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ရာ နှစ်စဉ်ဆောင်းသီးနှံအာလူးကိုလည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အာလူးစိုက်ဧက(၂၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးခဲ့ပြီး ယခု၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် အားလူးစိုက်ပျိုးရန်အတွက်  ရင်းနှီးမတည်ငွေများပြား သည့်အတွက် အာလူးစိုက်တောင်သူများအနေဖြင့် ယခင်နှစ်စိုက်ဧကထက် လျော့နည်းစိုက်ပျိုးခဲ့ရာ ၂၀%ခန့်အထိလျော့နည်းသွားကြောင်း၊ အာလူးကို ပေါက်မြို့နယ်  ကျောချောင်းနံဘေးရှိသဲမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်များတွင် စိုက်ပျိုးရန်အတွက်  စိုက်ပျိုးမြေနေရာ ကိုငွေကြေးဖြင့် ဝယ်ယူရပြီး (၁)ဧကလျှင် (၁၀)ပေပတ်လည်ကျင်း(၂၀၀)ခန့်ပါရှိကြောင်း၊ (၁)ကျင်းလျှင်(၁)သောင်းကျပ်၊ (၁)ဧကလျှင်(၂)သိန်းကျပ်ခန့် ပေးဝယ်ခဲ့ရကြောင်း၊  သို့သော် ယခုနှစ်တွင် စိုက်ပျိုးတောင်သူဦးရေနည်းပါးခြင်းကြောင့် မြေများဝယ်ယူရန်မလိုဘဲ စိုက်ပျိုးရကြောင်း သိရှိရပါ သည်။

          မြောက်ဘက်ကျေးရွာတွင် အိမ်ခြေ(၇၀၀)ခန့်ရှိပြီး အာလူးစိုက်တောင်သူဦးရေ (၅၀)ခန့်ရှိ၍ ဧက(၁၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ယခုနှစ်တွင် တောင်သူ ဦးကျော်ဆန်းညွန့်မှာ (၁)ဧကခန့် စိုက်ပျိုးထားရှိပြီး မျိုးအနေဖြင့် ဘဲဥပုံအာလူး(လုံးကြီး) ရှမ်းပြည်အောင်ပန်းမျိုးကို ဝယ်ယူစိုက်ပျိုး ကြောင်း၊ မျိုး(၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းရှိပြီး (၁၀)ပေပတ်လည် (၁)ကျင်းလျှင် အာလူး (၃၅)ကျပ်သားစိုက်ပျိုးရကြောင်း၊ (၁)ဧကကျင်း(၂၀၀)အတွက် ပိဿာ(၇၀၀)ခန့် ဝယ်ယူသုံးစွဲရသည့်အတွက် မျိုးဝယ်ယူခမှာ(၁)ဧကကို (၁၄)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။

         အာလူးမျိုးများဝယ်ယူပြီး မိမိတို့နေအိမ်အတွင်း သဲပြင်ပေါ်တွင် တစ်ပုံတည်းစုပုံပြီး စောင်ဖြင့်အုပ်ထားရကြောင်း၊ (၅)ရက်ခန့်အကြာတွင် အာလူးမျက်နှာပြင်တွင် မျက်ကွက်အပေါက်များပေါ်လာပြီး အညှောင့်ပေါက်လေးများထွက်လာချိန်တွင် အပုတ်အပဲ့အာလူးများအား ရွေးချယ်ဖယ်ရှားပြီးလျှင်  ကျန်အာလူးများပေါ်တွင် ထွက်ရှိလာသော မျက်ကွက်အညှောင့်ပေါက်လေးများကို ဓားဖြင့် လှီးထုတ်၍ စိုက်ပျိုးရာ အလုပ်သမား (၁၀)ဦးခန့် ငှားရမ်းအသုံးပြုရကြောင်း သိရှိရပါသည်။

           ဆောင်းသီးနှံအာလူးကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး အာလူး(၁)လုံးလျှင် အပင်ပေါက်မျက်ကွက်များ အပေါ်မူတည်ပြီး (၂/၄)စိပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးချိန်မှ စတင်ပြီး တူးဖော်ချိန်အထိ (၃)လခန့် ကြာမြင့်ကြောင်း၊  ကျောချောင်းနံဘေးတွင်  စိုက်ပျိုးရသောကြောင့်ရေအစိုဓါတ် အနည်းအများပေါ်မူတည်၍ ရေသွင်းပေးရကြောင်း၊ ယခုနှစ်တွင် ရေ(၁)ကြိမ်သာ ပေးသွင်းရကြောင်း၊ ရေမသွင်းမှီ သွင်းအားစုမြေဆီအာမို(၃)အိတ်ခန့်ကို (၁)ဧကအတွက်သုံးစွဲကြောင်း၊  စိုက်ပျိုးပင်သက်တမ်း(၃) လခန့်အကြာ ဖေဖော်ဝါရီလကုန်တွင် အာလူးများ စတင်တူးဖော်ကြောင်း၊ အထွက်နှုန်းအနေဖြင့် သွင်းအားစုအမျိုးမျိုးသုံးစွဲပုံ မတူညီခြင်း၊ မျိုးဝယ်ယူမှုအနေအထားကွာခြားခြင်း၊ စိုက်ပျိုးရာသီမတူညီခြင်းတို့ကြောင့် အထွက်နှုန်းများ အမျိုးမျိုးကွဲပြား၍ (၁)ဧကလျှင် ပိဿာ(၃၀၀၀)မှ(၆၀၀၀)အထိ ကွဲပြားထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်းမှ ဘဲဥပုံ အလုံးကြီး အာလူးမျိုးကောင်းမျိုးသန့်များကို ဝယ်ယူစိုက်ပျိုးခဲ့၍ (၁)ဧကလျှင် ပိဿာ (၆၀၀၀)ခန့်ထွက်ရှိပြီး ယခုနှစ်အထွက်နှုန်းမှာ ယခင်နှစ် ထက်ကောင်းမွန်ကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် ယခုအာလူးဖော်စအချိန်တွင် လက်လီ(၁) ပိဿာ(၂၀၀၀)၊ လက်ကား (၁)ပိဿာ(၁၅၀၀)ကျပ် ဈေးနှုန်းရှိကြောင်း၊ ယခင်နှစ် လက်လီ(၁) ပိဿာ (၁၄၀၀)၊ လက်ကား (၁)ပိဿာ(၁၀၀၀)ကျပ် ဈေးနှုန်းများရှိခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့် ဝယ်ယူစိုက်ပျိုးခြင်းကြောင့် ထွက်ရှိသော အာလူးများမှာ အလုံးသေးများ နည်းပါးပြီး ဘဲဥပုံအာလူး အလုံးကြီးများ အများဆုံး ထွက်ရှိ၍  အထွက်ကောင်းပြီး ဈေးကောင်းရရှိကြောင်း၊ မြောက်ဘက်ကျေးရွာမှ ထွက်ရှိသော အာလူးများကို ပေါက်မြို့ပေါ်ရှိ ဈေးကြီးအတွင်းသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

          ဆောင်းသီးနှံအာလူး(၁)ဧကကုန်ကျစရိတ်မှာ (၃၅)သိန်းကျပ်ခန့်  ကုန်ကျပြီး ဝင်ငွေအနေဖြင့် ကျပ် သိန်း(၉၀)ခန့် ရရှိ၍ (၁)ဧကအကျိုးအမြတ်မှာ ငွေကျပ်သိန်း(၅၀)ခန့် ရရှိကြောင်း၊ အာလူးစိုက် တောင်သူဦးကျော်ဆန်းညွန့်၏ ပြောကြားချက်အရ သိရှိရပါသည်။    

          ဆောင်းသီးနှံအာလူးမှာ အရသာထူးကဲလှပြီး ကောင်းမွန်၍ စားသုံးသူများပြားကြောင်း၊ ကျန်းမာရေးအနေဖြင့်လည်း ဆေးဘက်ဝင်ပစ္စည်းအဖြစ် အသုံးပြုရသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့်လည်း များပြားကြောင်း၊ ပရိုတိန်းဓါတ်ပါဝင်မှုများသည့်အတွက် မိသားစုများအခြေခံစားကုန်အဖြစ်သုံးစွဲခြင်း၊ မုန့်မျိုးစုံပြုလုပ်ခြင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အာလူးခြောက်၊ အာလူးကြော်မျိုးစုံ ထုတ်လုပ်ရောင်းချခြင်းများရှိ၍ ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်အခွင့် အလမ်းများစွာရရှိပြီးယခုနှစ်အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများအတွက် တွက်ချေကိုက်၍ ဆောင်းသီးနှံအာလူးကို ချောင်းရိုးတစ်လျှောက် နှစ်စဉ်မပျက် တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)