ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်များတွင် ဂန္ဓမာပန်းများကို တစ်ပိုင် တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်လျှက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်း မျိုးစေ့အများအပြားရှိသည့်အနက် စံပယ်ဖြူ၊ နှင်းကမ္ဘာ၊ ဆန်းပန်း စသည့် မျိုးစေ့များကို အဓိက စိုက်ပျိုးလျှက်ရှိပြီး ကျောက်ကြီးဂန္ဓမာပန်းစိုက် တောင်သူများအနေဖြင့် ပန်းများကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် စတင်ရောင်းချနိုင်ကြောင်း သိရှိရပါသည်။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရသည့်အတွက် တစ်ဧကလျှင် မျိုးစေ့ ၈ သောင်းခန့် စိုက်ပျိုးလျှင် အပင် ၆ သောင်းခန့် ပွင့်ကြောင်း သိရှိရပြီး အရင်းအနှီးသည် တစ်ဧကလျှင် မျိုးစေ့၊ စက်ကိရိယာ၊ အထွေထွေ ကုန်ကျစရိတ် အားလုံးပေါင်း သိန်း၂၀ ဝန်းကျင်ခန့် ရင်းနှီးရကြောင်း၊ ဈေးကွက်အနေဖြင့် မိမိဒေသတွင်းနှင့် နီးစပ်ရာဒေသများသို့ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်း တစ်စည်း၏ ရောင်းဈေးနှုန်းမှာ အပင်အနည်းအများ ပေါ်မူတည်၍ ၆၀၀ ကျပ်မှ ၁၀၀၀ ကျပ် ရရှိသဖြင့် အကျိုးအမြတ် အသင့်အတင့် ရရှိကြောင်း ပန်းစိုက် တောင်သူများထံမှ လေ့လာသိရှိရပါသည်။
ပန်းစိုက်ပျိုးရေးလုပ်ငန်းသည် အခြားစိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့ စိုက်ပျိုးမြေဧကများစွာ မလိုအပ်သည့်အပြင် မိမိတို့၏ ခြံဝန်း၊ လယ်ယာမြေအနည်းငယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ပြီး အမြတ်အစွန်းရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပဲခူးတိုင်းဒေသကြီး