ပန်းတနော်မြို့နယ် Global Earth Co,Ltdမှ ခေတ်မီငါးတန်မွေးမြူရေးစီမံကိန်းနှင့် Gasifier ဖြင့် လျှပ်စစ်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေ သတင်း/ နည်းပညာဌာနခွဲမှူး ဦးစံကြည်၊ မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းတို့နှင့်အတူ မေလ ၇ရက်နေ့ နံနက် (၁၀:၀၀)နာရီ ဧရာဝတီတိုင်းပန်းတနော်မြို့နယ် Global Earth Agro & Aqua Public Co,Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခေတ်မီငါးတန်ငါးမွေးမြူရေးလုပ်ငန်းနှင့်စပ်ဆက်၍ လျှပ်စစ် ရရှိရန်ဆန်စက်ဘေးထွက်ပစ္စည်း စပါးခွံကိုအသုံးပြုပြီး Gasifier စက်ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် လိုအပ်သောအခြေခံ အဆောက်အဦ Infrastructure များ တည်ဆောက် ပြီးစီးမှု၊ စက်ပစ္စည်းအစိတ်အပိုင်းများတပ်ဆင်ပြီးစီးမှု၊ စပါးခွံသိုလှောင်ရန် သိုရုံများတည်ဆောက်ပြီးစီးမှု၊ လိုအပ်သောစက်ရုံ၊ အလုပ်ရုံများဆက်လက်တည်ဆောက်နေမှုအခြေအနေ ရင်းနှီးမြှုပ်နှံမှု ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်၊၊

          Global Earth Agro & Aqua Public Co,Ltdအနေဖြင့် ဆန်စပါးကဏ္ဍကို ဦးစားပေး ဆောင်ရွက်နေသလို စီမံကိန်းဧက ၉၀၀ ကျော်တွင် ခေတ်မီငါးတန်ငါးမွေးမြူရေးလုပ်ငန်းကို စနစ်တကျ အောင်မြင်အောင် မွေးမြူလျက်ရှိကြောင်း ပုဂ္ဂလိက ငါးမွေးမြူရေးကန်များတွင် ၁ဧကကို ငါးအကောင်ရေ ၁၀၀၀/၁၅၀၀ သာမွေးမြူနိုင်ပြီး မိမိတို့ကုမ္ပဏီဝန်းအတွင်း ခေတ်မီနည်းစနစ်များကိုအသုံးပြုလျက် မျိုးဖောက်ကန် အရွယ်အစားအလိုက်မွေးမြူခြင်း၊ ရေဆိုးထုတ်ခြင်း၊ အောက်ဆီဂျင်လွတ်ပေးခြင်း၊ အလိုအလျောက်အစာကျွေးခြင်း ၊ ရေအရှင်ထားပြီး ရေသွင်း ရေထုတ်စနစ်ဖြင့် စနစ်တကျမွေးမြူသည့် ၁ဧကကို ငါးအကောင်ရေ ၆၀၀၀၀/၇၀၀၀၀ အထိ မွေးမြူနိုင်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်တွင်းစားသုံးရန် ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ငါးတန်ပိဿာချိန် ၇၀၀၀/၁၀၀၀၀ အတွင်း တင်ပို့ရောင်းချနိုင်ပြီး ငါးတန်တစ်ပိဿာကို ကျပ် ၄၅၀၀ ဈေး ရရှိ၍ တွက်ချေကိုက်မှုရှိသည့်အပြင်  ငါးတန် ၈၀/၉၀ ကျပ်သား အရွယ်ရှိ ငါးများကို ရန်ကုန်ဈေးကွက်မှာ ငါးတန်ခြောက်ပြုလုပ်ရောင်းချလျက်ရှိသလို  ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပြီး ပြည်ပမှကြိုက်နှစ်သက်မှုရှိသည့် ဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်သော ငါးတန်များကို ငါးအသားလွှာပြုလုပ်၍လည်း ထုတ်လုပ်လျက်ရှိကြောင်း ကုမ္ပဏီငါး မွေးမြူရေး တာဝန်ခံမှ ပြောကြားသည်၊၊

          စီမံကိန်းဧရိယာတွင်တစ်နေ့တန် ၁၅၀၀ ထုတ်လုပ်နိုင်မည့် ငါးအစာတောင့် စက်ရုံတည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး၍ ငါးတန်ချိန် ၃၀၀၀၀ ထည့်သွင်းသိုလှောင်မည့် အအေးခန်းစက်ရုံမှာ လိုအပ်သည့် စက်အစိတ်အပိုင်းများ တပ်ဆင်ပြီးစီးကြောင်း အအေးခန်းအတွင်း ငါးအသားလွှာများ ထည့်သွင်းသိုလှောင်မည့် ငါးတင်စင်များ တပ်ဆင်နေခြင်းမှာ ၅၀ရာခိုင်နှုန်း ပြီးစီး၍ ငါးသားပေါက် စတင်မွေးမြူသည့်အချိန်မှ ကုန်ချောထုတ်လုပ်နိုင်သည်အထိ ပြည်ပဈေးကွက်ပိုမိုတင်ပို့နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီးစီးပွားရေးတွက်ခြေကိုက်မည့် Mass Production တစ်ခုအနေဖြင့် ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်ကဆွေးနွေး ပြောကြား သည်၊၊

          Global Earth Co,Ltd ပိုင်ဧရိယာအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှု အပေါ် မွေးမြူရေးကန်၊ ငါးအစာတောင့်စက်ရုံ အအေးခန်းစက်ရုံ၊ ငါးအသားလွှာစက်ရုံ၊ အလုပ်ရုံ၊ ရုံးခန်းနှင့် လူနေအိမ်များအတွက် အဓိကလိုအပ်သော လျှပ်စစ်ဓာတ်အားကို Gasifier စက်ဖြင့် လျှပ်စစ်ရရှိရေး ဆောင်ရွက်လျက်ရှိရာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ရေဆိုးသန့်စင်နည်းစနစ်ကို အိန္ဒိယ နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၅ မဂ္ဂါဝပ် ထွက်ရှိသည့် အင်ဂျင်နှင့် ဒိုင်နမို တွဲလျက်လျှပ်စစ်ထုတ်စက် ၁၆ လုံး ရောက်ရှိနေပြီဖြစ်၍ စွမ်းအားပြည့်လည်ပတ်နိုင်ရန် လိုအပ်သော ဒိုင်နမိုနှင့်အင်ဂျင်များဆက်လက်မှာယူထားလျက်ရှိကြောင်း ၁၅ မဂ္ဂါဝပ် ထွက်ရှိမည့် တာဘိုင်အင်ဂျင်စက် (၂) လုံးမှာ လည်ပတ်မည့် စက်ရုံအတွင်း တပ်ဆင်ပြီးဖြစ်၍ အဆိုပါ Gasifier စက်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပါက မိမိတို့စက်ရုံအတွင်းလိုအပ်သော လျှပ်စစ်အပြည့်အဝရရှိမှာဖြစ်သလို ပိုလျှံသည့် လျှပ်စစ် များကို မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပေးပို့သွားမှာဖြစ်သည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်က ဆက်လက်ပြောကြားပါသည်၊၊

          ကုန်ကျစရိတ်နည်းပါးပြီး Gasifier မှ လျှပ်စစ်မီးရရှိရေးအတွက် တိုင်းအတွင်းရှိ ဆန်စက်များ ကြိတ်ခွဲရာမှ ထွက်ရှိလာမည့် စပါးခွံရရှိရေးကူညီဆောင်ရွက်ပေးမှာဖြစ်သလို Global Earth Agro & Aqua Public Co,Ltd မှ ဆောင်ရွက်နေသော စီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် ၊ သက်ဆိုင်ရာဌာနများနှင့်ပုဂ္ဂလိက ကဏ္ဍတို့ပူးပေါင်း၍ လိုအပ်သော နည်းပညာ/အရင်းအနှီး ပြည်ပဈေးကွက်ရရှိရေးနှင့်ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တိုင်းဒေသကြီး စီးပွားရေးကဏ္ဍများပိုမိုဖွံ့ဖြိုးလာမည့်အနာဂတ်ပုံရိပ်များသဖွယ် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး အတွက် မိမိတို့ ဌာနမှလည်း သက်ဆိုင်ရာကဏ္ဍများတွင် ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေက ဆွေးနွေးပြောကြားပါသည်၊၊

DOCA(ဧရာဝတီ)