ကုန်အညွှန်းအမှတ်အသားရွေးချယ်တတ်စေရေး အသိပညာပေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၈.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သမဝါယမဦးစီးဌာန၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဝန်ထမ်း(၂၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဦးစီးမှူး ဦးဇော်ထွန်းဦးက ဌာန၏သမိုင်းကြောင်းနှင့် ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များအကြောင်းကို ဦးစွာပထမ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အား တက်ရောက်လာသည့်ဝန်ထမ်းများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်း မပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူ များရရှိနိုင်သည့် အခွင့်အရေး (၈) ချက်နှင့်  စားသုံးသူများ လိုက်နာရမည့်တာဝန် (၄) ချက် ကိုလည်း ဝန်ထမ်းများအား သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ယခုလို သိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် လည်း မိမိတို့လိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ 

     ထို့နောက် ဦးစီးမှူး ဦးဇော်ထွန်းဦးက ဝန်ထမ်းများအနေဖြင့် အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားမှုများကို CICC ရုံးခန်းတွင်လည်းကောင်း၊ Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535)တွင် လည်းကောင်း တိုင်ကြား နိုင်ကြောင်းနှင့် Website(www.doca.gov.mm)တွင်လည်း ဌာနအတွင်းလုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဝင်ရောက်လေ့လာနိုင်ကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)