မုဒုံမြို့တွင်​ဒူးရင်းသီးများ စတင်​ထွက်​ရှိပြီး​ ဈေး​ကောင်းရရှိ၍ စိုက်​ပျိုးသူများ အဆင်​ပြေ

Powered by Drupal

       မွန်​ပြည်​နယ်​သည် ​လယ်​ယာသီးနှံ ဥယျာဉ်​ခြံများနှင့် ​ရော်​ဘာစိုက်​ပျိုးထုတ်​လုပ်​မှု​ကောင်းမွန်​သည့်​ပြည်​နယ်​ဖြစ်​ရာ ကာလရှည်​သီးနှံတစ်​မျိုးဖြစ်​သည့်​ရာသီ​ပေါ် ဒူးရင်းသီးများ စတင်​ထွက်​ရှိချိန်​ လူကြိုက်​များသည့် ​သီးနှံတစ်​မျိုးဖြစ်​သော​ကြောင့်​ ဈေး​ကောင်းရရှိ၍ စိုက်​ပျိုးသူများ အဆင်​ပြေလျက်​ရှိသည်​။

     မုဒုံမြို့တွင်​ဒူးရင်းပင်​အမျိုးအစား​ပေါင်း (၂၀)ခန့်​စိုက်​ပျိုးကြရာ မွန်​ထောင်း၊ ချန်းနီ၊ မ​လေးမျိုး (မူဆန်​ကင်း)၊ ယိုးဒယားမျိုးတို့ကို ပျိုးပင်​များနှင့်​ကိုင်းဆက်​၊ကိုင်းကူးနည်းတို့ဖြင့်​အဓိကထား အများအပြား စိုက်​ပျိုးကြပြီး ဒူးရင်းပင်​ကိုင်းဆက်​မျိုးများကို စိုက်​ပျိုးပြီး(၃)နှစ်​ခန့်​အကြာတွင်​အသီးများစတင်​ထွက်​ရှိ​ကြောင်း၊ ဒူးရင်းပင်​တစ်ဧကလျှင်​အပင်​တန်းကြား(၃၀)​ပေ ပတ်​လည်​စိုက်​ပျိုးမည်​ဆိုပါက ၄၈ ပင်​၊ (၂၅)​ပေ ပတ်​လည်​စိုက်​ပျိုးမည်​ဆိုပါက အပင်​ရေ (၇၀)ခန့်​အထိ စိုက်​ပျိုးနိုင်​ကြောင်း၊ အပင်​များပိုးမကျ​ စေရန်ပြုလုပ်ခြင်း ​နှင့်​ သဘာဝဓာတ်​မြေဩဇာများ ထည့်​သွင်းခြင်း လုပ်​ငန်းကို စနစ်​တကျ ပြုလုပ်ရန်​လိုအပ်​ကြောင်း၊ ဒူးရင်းမျိုး​ကောင်း တစ်​ဧက စိုက်ပျိုးခြင်းဖြင့် တစ်​နှစ်​လျှင်​ဝင်​ငွေ ကျပ်​သိန်း(၁၀၀)​ကျော်​ရရှိနိုင်​ကြောင်း၊ ယခုအခါ ဒူးရင်းသီးများ စတင်​ထွက်​ရှိချိန်​ ဒူးရင်းအမျိုးအစား​ပေါ် မူတည်​၍ တစ်​ကီလိုလျှင်​ငွေကျပ်​(၁၅၀၀၀)အထက်​ရရှိ​နေ​ကြောင်းကို မုဒုံမြို့နယ်​ဘဲရမ်း​ကျေးရွာမှ ဒူးရင်းသီးစိုက်​ပျိုး​တောင်​သူတစ်​ဦးက​ပြောသည်​။

    မုဒုံမြို့နယ်​ဒေသထွက်​ဒူးရင်းမျိုး​ကောင်း၊ မျိုးသန့်​များကို ပြည်​တွင်း၊ပြည်​ပ တင်​ပို့နိုင်​ရန်​ဒူးရင်းမျိုးများ သု​တေသနပြုစိုက်​ပျိုးထားရှိခြင်း၊ သစ်​သီးဝလံသု​တေသန စိုက်​ပျိုး​ရေး နည်းပညာများကို​တောင်​သူများထံသို့ ဖြန့်​ဝေ​ပေးခြင်း၊ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေးအတွက်​တောင်​သူများနှင့်​ ပူး​ပေါင်းပြီး စိုက်​ပျိုး​ရေးဦးစီးဌာနနှင့်​တာဝန်​ရှိသူများမှ ကြိုးပမ်း​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရှိရသည်။

DOCA(မွန်)