ပေါက်မြို့နယ် ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးကွက်အခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေပြု၍ သီးနှံမျိုးစုံ စိုက်ပျိုးရာတွင် ကုလားပဲသီးနှံကိုလည်း နှစ်စဉ်အဓိကသီးနှံအဖြစ်ထားပြီး စိုက်ပျိုး လျက်ရှိသည်။ ကြက်သွန်ခင်း၊ စပါးခင်းကျွတ်များတွင် အများဆုံးစိုက်ပျိုးပြီး နှစ်စဉ် စိုက်ဧက (၃၅၀၀)ခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် နယ်မြေအခြေအနေအရ စိုက်ဧကအနည်းငယ် လျော့နည်း သွားကြောင်း၊ စိုက်ပျိုးရာတွင် ကုလားပဲလုံးကြီးဖြူမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ အောက်တိုဘာ လတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် သီးနှံရိတ်သိမ်းကြောင်း သိရှိရသည်။

          ကုလားပဲသီးနှံ တစ်ဧကစိုက်ပျိုးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် မျိုးစေ့(၂)တင်းခန့် ကုန်ကျပြီး အထွက်တင်းမှာ (၁၂-၁၅)ထိထွက်ရှိကြောင်း၊ ဒေသအခြေအနေအရ စိုက်ခင်းအတွင်း သွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်မှုမရှိခြင်းနှင့် စက်ဆီဈေးနှုန်းမြင့်၍ ရေသွင်းစိုက်ပျိုးနိုင်ခြင်း မရှိခြင်းကြောင့် သီးနှံ အထွက်နည်းကြောင်း၊ ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် ပြည်တွင်းပဲ မျိုးစုံဈေးကွက် ကျဆင်းခြင်းကြောင့် ဒေသတွင်းကုလားပဲ ဈေးနှုန်း ဈေးကွက်မှာလည်းကျဆင်းပြီး ဒေသ ပေါက်ဈေး ကုလားပဲလုံးဖြူ တစ်တင်းလျှင် ကျပ်(၇၈၀၀၀)ဖြင့် ရောင်းချရ၍ဝင်ငွေမှာ ကျပ်(၁၁၇၀၀၀၀) ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၆၇၀၀၀၀)ခန့် ရရှိကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်ခိုင်မာမှုရှိ၍ စိုက်တောင်သူများမှ နှစ်စဉ်မပြတ် စိုက်ပျိုးကြောင်း ဒေသခံ တောင်သူမှ တဆင့်သိရှိရပါသည်။

DOCA(မကွေး)