မန်ကျည်းမှည့်အသစ် ‌ဈေးကွက်ဝင်ရောက်မှုပိုလာ

Powered by Drupal

       မိတ္ထီလာဈေးကွက်၊ မန်ကျည်းမှည့်အသစ်များဝင်ရောက်နေရာ ပွဲရုံဈေးကွက်၌ မန်ကျည်းမှည့်အစေ့ပါများ အဝင်ပိုလာကြောင်းသိရသည်။ တောင်သူများအနေဖြင့် မန်ကျည်းမှည့်ကို အခွံခွာ၍ အကြောသင်ပြီး အစေ့မထုတ်ဘဲ အလုံးအတိုင်း ပွဲရုံသို့တင်ပို့ရောင်းချရာ စတင်ပေါ်စအချိန် မတ်လဆန်းပိုင်းတွင် တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ရရှိခဲ့ပါသည်။ မတ်လကုန်ပိုင်း၌ ဈေးကွက်သို့ အဝင်ပိုလာသည့်အတွက် တစ်ပိဿာလျှင် (၂၃၀၀) ကျပ်ဈေးသို့ အနည်းငယ်ကျဆင်းသွားကြောင်းသိရသည်။ ယခုနှစ်တွင် မန်ကျီးသီး အသီးသီးနှုန်းနည်းခြင်းကြောင့် ဈေးနှုန်းမြင့်နေခြင်းဖြစ်ပြီး၊ ယခင်နှစ်တွင် အသီးသီးနှုန်းများခဲ့ပါသည်။ ယခင်နှစ်ဈေးနှုန်းမှာ တောင်သူရောင်းဈေးတစ်ပိဿာလျှင် (၁၃၀၀-၁၅၀၀) ကျပ်ရရှိခဲ့ကြောင်း၊ အညာဒေသရှိ မန်ကျည်းပင်မှာ သွင်းအားစုစိုက်စရိတ်ကုန်ကျခြင်းမရှိဘဲ အိမ်ခြံဝန်းအတွင်း အရိပ်ရပင်အဖြစ် အကျိုးကျေးဇူးရရှိသည့်အပြင် ယခုကဲ့သို့ လယ်ယာထွက်ကုန်သီးနှံလုပ်ငန်းများအားလပ်ချိန်၌ တောင်သူများအတွက် ဝင်ငွေရရှိသောသီးနှံဖြစ်ကာ ပြည်တွင်း/ပြည်ပဝယ်လိုအားရှိသော သီးနှံလည်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)