929 ကုလားပဲစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေတိုးပွားရရှိ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၂၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် ကျောင်းကြားကျေးရွာရှိ 929 ကုလားပဲစိုက်ပျိုးထုတ်လုပ်သည့် တောင်သူ ဦးစန်းလွင်နှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုရောင်းဝယ်မှုအခြေအနေများကို ကွင်းဆင်းမေးမြန်းဆွေးနွေးခဲ့ပါသည်။

     ၎င်းတောင်သူအနေဖြင့် ယခင်နှစ်တွင် 929 ကုလားပဲ(၃)ဧကစိုက်ပျိုးခဲ့ရာ အထွက်နှုန်းကောင်းပြီး ဈေးရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် 929 ကုလားပဲ (၅)ဧကစိုက်ပျိုးထားပြီး စိုက်ပျိုးရာတွင် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး နှစ်စဉ် ဒီဇင်ဘာလမှစတင်စိုက်ပျိုးကာ မတ်လအလယ်တွင် အပြီးရိတ်သိမ်းရကြောင်း၊ သက်တမ်းကာလအားဖြင့် (၃)လမှ (၃)လခွဲခန့်ကြာမြင့်ပြီး ယခင်နှစ်တွင် (၁)ဧကလျှင် ပျမ်းမျှ (၁၅)တင်းထွက်ရှိခဲ့ရာမှ ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခြင်း၊ မြစ်ပိုးများကျရောက်ခြင်းတို့ကြောင့် ကုလားပဲအထွက်နှုန်းလျော့နည်းခဲ့ကြောင်း၊ ယခုနှစ်တွင် မျိုး၊ မြေပြုပြင်ခ၊ စိုက်ပျိုး ခြင်း၊ လုပ်သားခ၊ သွင်းအားစုစရိတ်များမြင့်မားလာမှုကြောင့် (၁)ဧကစိုက်ပျိုးထုတ်လုပ်မှုစရိတ်မှာ ကျပ်(၆၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ (၁)ဧကလျှင် ပျမ်းမျှအားဖြင့် (၁၂)တင်းခန့်ထွက်ရှိပြီး ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၀၀၀၀)ခန့်ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၃၆၀၀၀၀)ခန့်ရရှိကြောင်းသိရှိရပါသည်။

     ထွက်ရှိလာသော 929 ကုလားပဲများကို တောင်သူများအနေဖြင့် မြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ပွဲစားများကလည်း ကျေးရွာအရောက် ဝယ်ယူနေကြောင်းနှင့် ကျောင်းကြားရပ်ကွက်ရှိ 929 ကုလားပဲစိုက်တောင်သူများမှာ ဝင်ငွေတိုးပွားရရှိပြီး အဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးစန်းလွင်ထံမှသိရှိရပါသည်။

DOCA(မကွေး)